On Thursday, February 19, 2009 0 ဝေဖန်ချက်

ထီး မပါဘူး
ကဗျာနဲ့ မိုးခဲ့တယ်။
တောင်ပံ မပါဘူး
ဆိုက်ကား မစီးဘူး
ကဗျာနဲ့ ပျံခဲ့တယ်။


နွေ မကူးသေးပါဘူး
နေ အရူးကတော့ ခြစ်ခြစ်တောက်အောင် ထွန်းနေပြီ
ဖေဖော်ရီ လလယ် ။ မြန်မာပြည်အနောက်မြောက်က ဆောင်းနှောင်းရာသီ
ဟောဒီ ကျောက္ကာလမ်းမကြီးပေါ်မှာ
ဆိုင်ကယ် တ၀ီဝီ ၊ စက်ဘီင်္း တဂျက်ဂျက်
ဂျင်းဘောင်းဘီ၊ ကုတ်အင်္ကျီ၊
နှစ်နံဆင့် အညာသူလုံခြည်၊ ဆိုင်ကယ်စက်ဆီနံ့၊ ရှင်မတောင်သနပ်ခါးနံ့
လူးလူးလွန့်လွန့် အညာသူလေးများ (မြင်ရတာလည်း ရင်တလှပ်လှပ်)
ငါတို့ မြို့က လူစုံ တက်စုံ ၊ ခေတ်အစုံ ၊ ယဉ်ကျေးမှုမျိုးစုံ
တမာနံ့တွေ အကြား
သင်္ကြန် ၊ ရက်(ပ်) သီချင်းတွေ မွှေးတော့မယ်။

ကျောက္ကာလမ်းဆိုတာ မုံရွာမိန်းတက္ကသိုလ်ကြီးသို့ တက်ရောက်ရာ လှေခါး
စီးပွါးရေး တက္ကသိုလ်ရဲ့ ခြေထောက်တစ်ချောင်း
ကဗျာဆရာကိုဆူးရင့်ကို ဒီလမ်းမကြီးပေါ်ကနေ
တန့်ဆည်ကားဂိတ်အထိ လိုက်ပို့ခဲ့။
ဆောင်းနှောင်းရာသီ အညာနေပူကျဲကျဲ
ဆိုင်ကယ်တွေကြား၊ စက်ဘီးတွေကြားကနေ
မရှက်မပြု လမ်းလျှောက်ပြန်ရဲတာ ငါတစ်ယောက်တည်း
ဗလသာ တောင့်ထားပေတော့ လမ်းမရေ...

ထီး မပါဘူး
ကဗျာနဲ့ မိုးခဲ့တယ်။
တောင်ပံ မပါဘူး
ဆိုက်ကား မစီးဘူး
ကဗျာနဲ့ ပျံခဲ့တယ်။

သာရလင်း ။
(ဒီနေ့ချက်ချင်း ၀င်ရေးလိုက်တဲ့ကဗျာ)

0 ဝေဖန်ချက်: