ငါက အချစ်ကို ချစ်ရေး သွားမဆိုတော့
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ချစ်သူများနေ့မှာ ပျော်ခဲ့သလားတဲ့
ချစ်သူမရှိရင် ဘယ်လို ပျော်မလဲ။
ဖေဖော်ဝါရီ ၁၄ ဆိုတာ
စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့
အဲဒီနေ့အထိ အချစ်ကဗျာလေး တစ်ပုဒ်တောင်
ငါ့မှာ မရေးနိုင်ခဲ့ဘူး။
ဖေဖော်ဝါရီလ၊ ဖေဖော်ဝါရီ ည တစ်ညမှာ
ငါ့မှာ မှောင်အတိကျ၊ မျက်ကန်းတစ်ယောက်လို
ပိုးစုန်းကြူးလေး တစ်ကောင်တစ်လေကတောင် င့ါကို လမ်းမပြ
အမှောင်တွင်းက ပိုးဖလံကောင်
နံရံကို မှီထားဖို့ နံရံကို စမ်း
နံရံနဲ့ တိုက်မိမှာ စိုးလို့ နံရံကိုစမ်း
အမှောင်ထဲမှာ ဒေါသတွေ ၀င်းဝင်းတောက်နေရဲ့
ရင်ဘတ်နဲ့ ဖြေဖို့ ရင်ဘတ်ကိုစမ်း
ရင်ဘတ်ရှိသေးရဲ့လားလို့ ရင်ဘတ်ကိုစမ်း ။
သည်လောက် မှောင်တဲ့ အမှောင်ကြီးထဲမှာ
ငါ့ဘ၀ရဲ့ အမှောင်ကို လှမ်းမြင်ခဲ့ရတယ်။
ဖေဖော်ဝါရီ ညက လွမ်းရမှာလား
ဖေဖော်ဝါရီမှာ ချစ်ကြတာလား
ပိန်းပိတ်အောင် မှောင်တဲ့ အမှောင်တွင်းက အမှောင်ထဲမှာ
ပိုးဖလံတစ်ကောင်
အသဲထဲ ငြိမ့်သွားအောင် ကြောက်သွေးတုန်နေမိခဲ့
ဖေဖော်ဝါရီမှာ ကြယ်တွေတောင် အလင်းဖျော့နေတယ်
သာရလင်း
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment