ကဗျာရေးဖို့ လာပေမယ့်လည်း
စာပေးဖို့ လာပေမယ့်လည်း
ပညာသင် ကျောင်းတက် အလုပ်လုပ်၊ ထမင်းစား ရေသောက်၊ ပတ်စပို့ ဗီဇာ၊
သီချင်းဆို ဆဲ၊ အော် ပျော်၊ ရန်ဖြစ် ပြန်ချစ်၊ ဖွင့်ဆို ဖတ်ရှု၊
အခွံတွေက မကုန်နိုင်လောက်အောင်ကိုပါပဲ။
သာရလင်း
ပိုးစုန်းကြူးလေး
ကိုယ့်အလင်းက ကိုယ်လျှောက်ရုံသာ လုံလောက်တယ်။
သာတောင် မနေတတ်လွန်းလို့
ကိုယ့်အလင်းကိုယ်ဖဲ့ပြီး ရွာသားများ လင်းစေခဲ့ဖူးရဲ့
၂၀၀၅၊ ဧပရယ် ၃၀။ တိတ်တိတ်လေးပါပဲ။
နေတွေ၊ လတွေ အလင်းပေးပုံနဲ့များ ကွာပ
သစ်ပင်တွေတောင် ယမ်းလို့
ကြယ်တွေကလည်း ငမ်းလို့
ခြင်္သေ့တွေလည်း လန်းလို့
သူတို့ အလင်းပေးကြတယ်။
ကျွန်တော်ကတော့ ပိုးစုန်းကြူးလေး
တိတ်တိတ်လေးပါပဲ။
သာရလင်း ။
ငါက အချစ်ကို ချစ်ရေး သွားမဆိုတော့
အချစ်က ငါ့ကို ချစ်ရေးလာမဆိုဘူး
ချစ်သူများနေ့မှာ ပျော်ခဲ့သလားတဲ့
ချစ်သူမရှိရင် ဘယ်လို ပျော်မလဲ။
ဖေဖော်ဝါရီ ၁၄ ဆိုတာ
စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့
အဲဒီနေ့အထိ အချစ်ကဗျာလေး တစ်ပုဒ်တောင်
ငါ့မှာ မရေးနိုင်ခဲ့ဘူး။
ဖေဖော်ဝါရီလ၊ ဖေဖော်ဝါရီ ည တစ်ညမှာ
ငါ့မှာ မှောင်အတိကျ၊ မျက်ကန်းတစ်ယောက်လို
ပိုးစုန်းကြူးလေး တစ်ကောင်တစ်လေကတောင် င့ါကို လမ်းမပြ
အမှောင်တွင်းက ပိုးဖလံကောင်
နံရံကို မှီထားဖို့ နံရံကို စမ်း
နံရံနဲ့ တိုက်မိမှာ စိုးလို့ နံရံကိုစမ်း
အမှောင်ထဲမှာ ဒေါသတွေ ၀င်းဝင်းတောက်နေရဲ့
ရင်ဘတ်နဲ့ ဖြေဖို့ ရင်ဘတ်ကိုစမ်း
ရင်ဘတ်ရှိသေးရဲ့လားလို့ ရင်ဘတ်ကိုစမ်း ။
သည်လောက် မှောင်တဲ့ အမှောင်ကြီးထဲမှာ
ငါ့ဘ၀ရဲ့ အမှောင်ကို လှမ်းမြင်ခဲ့ရတယ်။
ဖေဖော်ဝါရီ ညက လွမ်းရမှာလား
ဖေဖော်ဝါရီမှာ ချစ်ကြတာလား
ပိန်းပိတ်အောင် မှောင်တဲ့ အမှောင်တွင်းက အမှောင်ထဲမှာ
ပိုးဖလံတစ်ကောင်
အသဲထဲ ငြိမ့်သွားအောင် ကြောက်သွေးတုန်နေမိခဲ့
ဖေဖော်ဝါရီမှာ ကြယ်တွေတောင် အလင်းဖျော့နေတယ်
သာရလင်း
လေညှင်းသဲ့သဲ့ ညနေခင်း
ဝတ်မှုန်စို့စို့ ပန်းလေးများ
ရင်ဖိုလှိုက်မော ဂါဝန်တလှပ်လှပ်
ဆွေးမြေ့ အားငယ် ပေါက်ကွဲ သံစဉ်ရင့်ရင့်
ပလက်ဖောင်း အပဲ့အရွဲ့ တိမ်ရှောင် ကျော်လွှား
ရေမြောင်းတ၀ိုက် သစ်ရွက်တို့ရဲ့ တိုက်ခတ်သံ
မံဘာ၊ ရိုးရိုး မနိုင်ဝန် အင်တာနက် အသုံးစရိတ်
ငိုကြွေး ငြီးတွား တက်ကြွ ဟိန်းဟောက်နေသော မော်တော်ကားများ
ဂီယာချိန်း ဘရိတ်အုပ် ဆီပေါက်သံ
ခြုံစောင်မလိုတဲ့ နှင်းဖွဲဖွဲအောက်မှာ
နွေရာသီကို ရောက်ဖို့ ဆောင်း စတင်နေပါပြီ။
သာရလင်း
ယခုလ၊ စရဏမဂ္ဂဇင်း။
ထီး မပါဘူး
ကဗျာနဲ့ မိုးခဲ့တယ်။
တောင်ပံ မပါဘူး
ဆိုက်ကား မစီးဘူး
ကဗျာနဲ့ ပျံခဲ့တယ်။
နွေ မကူးသေးပါဘူး
နေ အရူးကတော့ ခြစ်ခြစ်တောက်အောင် ထွန်းနေပြီ
ဖေဖော်ရီ လလယ် ။ မြန်မာပြည်အနောက်မြောက်က ဆောင်းနှောင်းရာသီ
ဟောဒီ ကျောက္ကာလမ်းမကြီးပေါ်မှာ
ဆိုင်ကယ် တ၀ီဝီ ၊ စက်ဘီင်္း တဂျက်ဂျက်
ဂျင်းဘောင်းဘီ၊ ကုတ်အင်္ကျီ၊
နှစ်နံဆင့် အညာသူလုံခြည်၊ ဆိုင်ကယ်စက်ဆီနံ့၊ ရှင်မတောင်သနပ်ခါးနံ့
လူးလူးလွန့်လွန့် အညာသူလေးများ (မြင်ရတာလည်း ရင်တလှပ်လှပ်)
ငါတို့ မြို့က လူစုံ တက်စုံ ၊ ခေတ်အစုံ ၊ ယဉ်ကျေးမှုမျိုးစုံ
တမာနံ့တွေ အကြား
သင်္ကြန် ၊ ရက်(ပ်) သီချင်းတွေ မွှေးတော့မယ်။
ကျောက္ကာလမ်းဆိုတာ မုံရွာမိန်းတက္ကသိုလ်ကြီးသို့ တက်ရောက်ရာ လှေခါး
စီးပွါးရေး တက္ကသိုလ်ရဲ့ ခြေထောက်တစ်ချောင်း
ကဗျာဆရာကိုဆူးရင့်ကို ဒီလမ်းမကြီးပေါ်ကနေ
တန့်ဆည်ကားဂိတ်အထိ လိုက်ပို့ခဲ့။
ဆောင်းနှောင်းရာသီ အညာနေပူကျဲကျဲ
ဆိုင်ကယ်တွေကြား၊ စက်ဘီးတွေကြားကနေ
မရှက်မပြု လမ်းလျှောက်ပြန်ရဲတာ ငါတစ်ယောက်တည်း
ဗလသာ တောင့်ထားပေတော့ လမ်းမရေ...
ထီး မပါဘူး
ကဗျာနဲ့ မိုးခဲ့တယ်။
တောင်ပံ မပါဘူး
ဆိုက်ကား မစီးဘူး
ကဗျာနဲ့ ပျံခဲ့တယ်။
သာရလင်း ။
(ဒီနေ့ချက်ချင်း ၀င်ရေးလိုက်တဲ့ကဗျာ)
အလွမ်းည ဂိမှာန်
ငါ အိမ်ပြန်ချင်တယ်၊
အချင်းတို့ရေ
ငါ့ကို စာဥသီချင်းနဲ့ ကြိုဆိုကြစမ်းပါကွယ်။
မြစ်တို့ရေ
ကိုယ့်ကိုယ်ကိုယ်လည်း စီးဆင်း
ငါ့ကိုလည်း လှေတစ်စင်းလို လှော်ခတ်ကြပါကွယ်။
မင်းတို့လိုရာကို စီးဆင်းပြီး
ငါ့ကို ဥပေက္ခာ သီချင်းတွေ မဆိုပြကြ ပါနဲ့
အခု ငါ့မှာ
ဒီနေရာကို အခြေအနေအရ ရောက်လာခဲ့ရ
ခဏ ခဏ မိုးချုပ်တတ်တဲ့ ကမ္ဘာမှာ
ခဏ ခဏ ၀မ်းတွေချုပ်ရ ၊ ခဏ ခဏ စိတ်တွေ ချုပ်ရ
(ဆိုးတာက မင်းကိုကျတော့ ငါ့ရင်ခွင်ကြားမှာ မဖမ်းချုပ်နိုင်ခဲ့ဘူး)
တိတ်ဆိတ်လွန်းအားကြီးရင်
အသံတွေက ဆူညံလွန်းနေခဲ့
သတင်းတွေက ဘီလူးတွေရဲ့ မြှားတွေလို
အတ္တကြီးမားလွန်း
တစ်ချို့ က သမ္မတ လုပ်တန်း ကစားကြ
တစ်ချို့က ၀န်ကြီးလုပ်တန်း ကစားကြ
နေရခက်တယ်
ပဲံလှော်ကြားက ဆားလေးတစ်ပွင့်လို
ကမ္ဘာကြား ညပ်ခံရတဲ့ ငါ
မုန်တိုင်းတို့ ခဏရပ်ပြီး ငြိမ်သက်တိတ်ဆိတ်နေစဉ်
နေ၀င်ပြီး မိုးချုပ်လာတဲ့အခါ
ဖိုးတုပ်တို့အိမ်က ပုလွေသံလေးကို ပဲ
ငါ ကြားချင်တယ်။ ။
ဘန်ကောက်ရောက် သူငယ်ချင်း-မျိုးမင်းဟန် yemonnyo@gmail.com အတွက် အမှတ်တရ စပ်ဆိုပါသည်။
လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်သံပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ် ။
အသည်းအသန် ရွာချတတ်တဲ့ ရန်ကုန်မိုးများအောက်မှာ
လမ်းမတွေ ရွှဲရွှဲစိုလို့
တို့နှစ်ယောက် အချစ်တွေနဲ့ ရွှဲရွှဲစိုလို့။
စောင်ခြုံစရာ မလိုတဲ့ ရန်ကုန်နှင်းဖွဲ လှလှလေးများအောက်
မြက်ပင်လေးတွေ စိမ်းလို့၊ ပန်းပွင့်လေးတွေ ပြုံးလို့ ရွှင်လို့
တို့နှစ်ယောက် အချစ်တွေနဲ့ ပြုံးလို့ ရွှင်လို့။
ရန်ကုန်နေပူပူ
ထီးလှလှလေးအောက်
နင်ရယ်..... ငါရယ်.....။
ပန်းပု ပရပိုဒ်လေးတစ်ချပ်လို
တို့နှစ်ယောက်ရဲ့ အချစ်က
အလှတရားသက်သက် ။
ကျောက်ထွင်း အက္ခရာလို
တို့နှစ်ယောက်ရဲ့ အချစ်က
ခိုင်မြဲတယ်။
ရန်ကုန်ကားတွေက လမ်းမတွေပေါ် တ၀ီဝီအော်တယ်
မင်းနာမည်လေးကို ငါ့ရင်ထဲက တစ်လှပ်လှပ် အော်ခေါ်နေခဲ့တယ်
မင်း acount name လေးကို ငါ့ pointer လေးနဲ့ ခဏ ခဏ နမ်းမိတယ်။
အချစ်က အ၀တ်ရက် မသုံးရက်တဲ့
အင်္ကျီ အသစ်စက်စက်လေး တစ်ထည်
ရင်ခုန်သံက အမြဲသစ်လွင်လျက် ငါ့ရင်ညွန့်ကို ပုတ်ခတ်နေဆဲ။
ပင်လယ်ထဲ အပ်ရှာရသလို
သောက်တော်ရေခွက်ထဲ ရေနံတူးဖော်ရသလို
ခက်ခက်ခဲခဲ နဲ့ အချစ်ကို ချစ်ခဲ့ရတယ်
ဒါကြောင့် တအားကို ချစ်ခဲ့ရတယ်။
လေလှိုင်းပေါ်ကနေ
တို့နှစ်ယောက် အချစ်စစ်စစ် ရင်ခုန်ပျစ်ပျစ် တစ်ရစ်ပီးတစ်ရစ်
အခု အခုထိ ချစ်ခဲ့ကြတယ်။ ။
(လေလှိုင်းပေါ်က သူငယ်ချင်းမလေး (သို့မဟုတ်) ညီမလေး ဖြူ chit smile gmail.com နဲ့ သူ၏ ချစ်သူတို့အတွက် အမှတ်တရအဖြစ် ရင်ခုန်ရေးဖွဲ့ပါသည်)
သာရလင်း
ငါ့ဝါသနာ ငါ့ရည်ရွယ်ရာက
ငါ့ဘ၀နဲ့ တည့်တည့်မတ်မတ်ကို လမ်းလွဲခဲ့ရတယ်
ဒါဟင့်ရင်
ငါ့လူနဲ့ ငါ့စိတ်လည်း
ထိပ်တိုက် ဝေးလွင့်ခဲ့ပြီ။
စိတ်က ငြိမ်းချမ်းချင်ပေမယ့်
လူက ပျံ့လွင့် ပြေးလွှား စီးမြောနေခဲ့
ဟောဒီကိုယ်ခန္ဓာ ကျောင်းတက် အလုပ်ဆင်း ချွေး ပြိုက်ပြိုက်ကျ ခြေမကို ရေနစ်နေပီ
ဝိညာဉ် ဖြူဖတ်ဖြူရော်ကတော့
ရွှေတိဂုံ ခြေရင်း သီးချင်းတစ်ပုဒ်နဲ့ ငြိမ့်နေခဲ့
ငတ်တယ်။ ပြည့်စုံမှု
ငတ်တယ်။ လွတ်လပ်မှု
ငတ်တယ်။ သူငယ်ချင်း
ငတ်တယ်။ ကဗျာစကားလုံး
ငတ်တယ်။ ဂီတ၊ အနုပညာ
အနုပညာငတ်မွတ်မှုက အစာရေစာ ငတ်မွတ်မှုထက် ပိုဆိုးဝါး
အစာရေစာ ငတ်မွတ်ခေါင်းပါးရင်လည်း သေတတ်တယ်။
(၁၇.၁၂.၀၈..ရန်ကုန်+မန္တလေး ရထားပေါ်တွင် ရေးသည်)
သာရလင်း
မညီမညာ ခုန်ပျံကျော်လွှား သံစဉ်များ
ရှင်လျှက်သေ အစိမ်းကြွေ ရင်ခုန်လှုပ်လည်နှုံး
ရ သလိုရေး အခွင့်သင့်သလို တင်ပြဖို့
ဘလော့လေးတောင် post အသစ် မတင်တတ်သူ။
နုံတယ်၊ ကျွန်တော် တော်တော်ကို အ ပါသေးတယ် ကဗျာဆရာ ကိုဆူးရင့်ရေ..။
“အ သေးတယ်၊ မ အနဲ့” သည်စကား မှာကြားလို့ ထွက်ခွါသွားခဲ့ဖူးသော ဆရာတစ်ဆူ
ဆောင်းနှောင်းရာသီ အညာနေ့လယ် စပ်ဖျင်းဖျင်း
အစ အဆုံး ရေးပီးကာမှ post မတင်မီ ပျောက်ဆုံးသွားရတဲ့ ကဗျာတစ်ပုဒ်
မကျေနပ် ကီးဘုတ်သံ ခပ်ပြင်းပြင်း
ရေပတ်တိုက်ရန် ရေပြတ်ခိုက် ကြုံနေသည့် ကျောပြင်မွဲမွဲ
ကဗျာလေးတစ်ပုဒ် တင်ဖို့ သည်လောက် အ တဲ့ ငါ ငနဲ
နေနဲ့သာ ပြိုင်ပြီး စိတ်တိုလိုက်ပေတော့ ။
(ကျွန်တော်လို လူအတစ်ယောက်ကို ဘလော့ ဖွင့်ပေးခဲ့တဲ့ ကဗျာဆရာကိုဆူးရင့်ကို
ကျေးဇူးတင်စွာဖြင့် ဒီကဗျာကို စပ်ဆိုပါသည်။)
သာရလင်း
ည မအိပ်ရင်
ငါ အိပ်ပါ့မယ်
ငါ အိပ် မပျော်ရင်တော့
မင်း အိပ်နှင့်ပါတော့ ညကြီးရေ..။
မိုးကုတ်စက်ဝိုင်း ခြင်ထောင်ကြီးချ၍ ညကြီးအိပ်သွားပါပြီ။
အခန်းဘေး တပ်ဆင်ထားတဲ့
ဝါတာကိုလာ အတွင်းက တောင်ပြိုသံ ကြားရရဲ့
အိမ်မြောင်တစ်ကောင်က
ငါ့အခန်းကို စီးနင်းသိမ်းပိုက်လိုက်ပြီး ခြင်္သေ့အသံနဲ့ ဟိန်းတယ်
“ ဒါ ငါပိုင်တဲ့ တောအုပ်”
ရာဇာဓိရာဇ်ရဲ့ အဒရောင်ဆင်ကြီး စူးနစ်ကျည်ကျာအော်သံလို
စူးနစ်စွာအော်ရင်း မုံရွာသားခြင်တွေက အစွယ်တကားကား
ငါဟာ ရန်သူလား။
မုံရွာရောက် ရန်ကုန်သားရဲ့ အာမှုတ်သံပြင်းပြင်း
ဟို..အဝေးမြို့က ခွေးတစ်ကောင် ဟောင်သံလည်း ကြားရရဲ့
ဟ..ဘာလဲ။ လန့်လိုက်တာ။ ရေဆာတယ်
စူးစူးဝါးဝါးလား၊ ၀ူးဝူးဝါးဝါးလား၊ ကျည်ကျည်ကျာကျာလား
နာမည်မပေးတတ်တဲ့အသံတွေ
ပွက်လောကို ရိုက်နေတာပဲ
တိတ်ဆိတ်ခြင်းဟာ ဆူညံလွန်းလှတယ်။ ။
သာရလင်း
၁၁.၁.၀၉.ည။
လေညှင်းသဲ့သဲ့ ညနေခင်း
ဝတ်မှုန်စို့စို့ ပန်းလေးများ
ရင်ဖိုလှိုက်မော ဂါဝန်တလှပ်လှပ်
ဆွေးမြေ့ အားငယ် ပေါက်ကွဲ သံစဉ်ရင့်ရင့်
ပလက်ဖောင်း အပဲ့အရွဲ့ တိမ်ရှောင် ကျော်လွှား
ရေမြောင်းတ၀ိုက် သစ်ရွက်တို့ရဲ့ တိုက်ခတ်သံ
မံဘာ၊ ရိုးရိုး မနိုင်ဝန် အင်တာနက် အသုံးစရိတ်
ငိုကြွေး ငြီးတွား တက်ကြွ ဟိန်းဟောက်နေသော မော်တော်ကားများ
ဂီယာချိန်း ဘရိတ်အုပ် ဆီပေါက်သံ
ခြုံစောင်မလိုတဲ့ နှင်းဖွဲဖွဲအောက်မှာ
နွေရာသီကို ရောက်ဖို့ ဆောင်း စတင်နေပါပြီ။
သာရလင်း
ယခုလ၊ စရဏမဂ္ဂဇင်း။