ပင်လယ်ပြင်ကြီးကို လှမ်းကြည့်လိုက်စဉ်
အဆုံးမရှိတဲ့ မင်းရင်ဘတ် အတွင်းသားကို မြင်လိုက်ရတယ်
သံသယနဲ့ လှုပ်ခတ်နေတဲ့ နှုတ်ခမ်းနှစ်လွှာဟာ
အညိုးအတေးကြီးတဲ့ လှိုင်းပြင်းခတ်သံတွေပါပဲ
ရဲရဲတောက် သွေးအစက် အစက် စို့ထင်နေတဲ့ နှုတ်ခမ်းနီနီများ
ဖျတ်ဖျတ်လူး လွင့်စင် အံကျလာတဲ့ စကားလုံး အံဖတ်များ
ရေဆာတယ်
ရိုးသားချင်ယောင် ဆောင်ရတာလည်း မောလှပါပြီ။
ဒီမှာ မိဌေးရဲ့
ငါတို့ သက်ရှိမျိုးနွယ်တွေ အကုန်လုံးက
ငြိမ်းချမ်းခြင်း သုခဘုံကိုပဲ ရောက်ချင်နေကြတာ
ငြင်းခုံမှု ကင်းဝေးရာဆီ ရောက်ဖို့ တွားသွားနေကြတာ သိရဲ့လား
မင်းစိတ်က ဓမ္မရိပ်မှာ ငြိမ်းချမ်းနေပြီ ဆိုလည်း
ငြိမ်းချမ်းပါတယ်လို့ ငြင်းမနေပါနဲ့
ငြိမ့်ငြိမ့်လေးသာ နေလိုက်ပါ
ဝါ ဂွမ်းထဲ ဆီလောင်းထည့်လိုက်သလို
အိဖိမ့်ပြိး ဆိမ့်လိုက်တဲ့ စိတ် အရသာ
ငြင်းခုံဖို့ တရားမရှာကြေး စာမဖတ်ကြေးသာ ဆို ဘယ်လောက်ကောင်းမလဲ
မိဌေးရေ...
မင်းကိုတော့ မပြောလိုပါဘူး
ငါကတော့ သံသယ ကမ္ဘထဲမှာ
လည်နေရဦးမှာ သေချာတယ်။
Subscribe to:
Post Comments (Atom)
0 ဝေဖန်ချက်:
Post a Comment