မန်ကျည်းတုံရွာမှ အပျိုမလေးတစ်ယောက် သူမ၏ ရည်းစားထံ စာရေးလိုက်သည်မှာ
သို့
စာရေးလိုက်ပါသယ်
ဟိုသနေတုံ က အကိုချိန်ဆာ အမေက ဆူလို မလာနိုင်ဆာကို ခွပ်လွှပ်ပါရန် တောင်ဆိုလိုက်ပါသယ်
အကိုမ သတိရဆာ မှုတ်ဘူး ညီမကလဲ အကိုကို သတိရပါသယ်
အကိုကို သတိရလွန်လို ညီမမယ် မျောက်ရေ နဲ့ မျောက်ခွက်ကို ဖြစ်လိုနေပါဘီ
အကိုမ ညီမကို တေ့ချင်ဆာ မှုတ်ဘူး ညီမကလဲ အကိုကို တေ့ချင်လှပါဘီ
အကို ညီမကို သံယောဇဉ် ရှိသယ် ဆိုလိုရှိရင်
ညီမရှိသဲ့ ဆီးကို အကိုကိုတိုင် အရောက် လှန်လာခဲ့ပါ
ညီမ ကိုကို့ဖင်အောက်က စောင့်နေမယ်
အကိုရဲ့ ချစ်အူးလေးဆိုသဲ့
ညီမ
အမှာပါရင် ပျင်ဖတ်
လက်ရေ မလှ စာစိမမှန် တို့တောင်ပံ
စိန်စိန်
ထိုအပျိုမလေး ရေးလိုသည်မှာ ဤသို့ ဖြစ်နိုင်သည်။ သို့သော် ကျွန်တော့် အထင်သာဖြစ်ပါသည်။
သို့
စာရေးလိုက်ပါတယ်။
ဟိုတစ်နေ့က အကို ချိန်းထားတာ လာချင်ပေမယ့် အမေက ဆူနေလို့ မလာနိုင်တာပါ။
ဒါကြောင့် ခွင့်လွှတ်ပါရန် တောင်းဆိုလိုက်ပါတယ်။ အကို သတိရသလို ညီမကလည်း သတိရပါတယ်။
အကို့ကို သတိရလွန်းလို့ ညီမမှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပါပြီ။
အကို ညီမကို တွေ့ချင်သလိုပါပဲ ညီမကလည်း အကို့ကိုတွေ့ချင်ပါတယ် အကိုရယ်။
အကို ညီမကို သံယောဇဉ် ရှိတယ်ဆိုရင် ညီမရှိတဲ့ နေရာကို အကိုကိုယ်တိုင် အရောက်လှမ်းလာခဲ့ပါ။
ညီမ ကုက္ကိုပင်အောက်က စောင့်နေမယ်။
အကိုရဲ့ ချစ်ဦးလေးဆိုတဲ့
ညီမ
အမှားပါရင် ပြင်ဖတ်
လက်ရေးမလှ စာစီမမှန် တို့တောင်းပန်
စိန်စိန်
(သာရလင်း ၏ ရာဇ၀င်သွန်းဖူးတဲ့ ကျေးလက်ရဲ့ ယဉ်ကျေးမှု မှ)
ကျွန်တော် ဒူးတုန်နေပြီ။ စာပေးထားတာ ကြပြီ။ အဖြေက မရသေး။ သိချင်လှပြီ။ ရင်ဘတ်က ရင်ဘတ်ပီပီ ရင်ကျပ်နေပြီ။ ကြောက်ချင်ကြောက်ပစေ။ အရဲစွန့်မှ ရတော့မည်။
ဘေးလူများကို တစ်ချက်အကဲခတ်ပြီး လေသံခပ်တိုးတိုးဖြင့် မနှင်းနွယ်ကို ကျွန်တော် မေးချလိုက်တော့၏။
““နှင်းနွယ် နင် ငါ့ကို မချစ်ဘူးလာ””
““သိဘူးလို့””
( သာရလင်း ၏...ရာဇ၀င်သွန်းဖူးတဲ့ ကျေးလက်ရဲ့ ယဉ်ကျေးမှုမှ )
အလင်းရောင်လေးသည် သဲ့သဲ့။ မျက်ဝန်းသည် မဲ့မဲ့။ အလွမ်းသည်သာ လဲ့လဲ့တောက်နေ၏။
ရာဇ၀င်သွန်းဖူးတဲ့ ရွာလေးအတွင်း
အလွမ်းတွေ ကျွန်တော်ကိုယ့်ပေါ်သို့ တည့်တည့်မတ်မတ်ကို သွန်းချခံခဲ့ရ။
ကျွန်တော် တတ်နိုင်တာဆိုလို့
မနှင်းနွယ်လေးကို ချစ်နေရုံတစ်ခုသာ တတ်နိုင်သည်။
မကြာမီ ထွက်လာမည့် သမိုင်းနောက်ခံ အချစ်ဝတ္ထု။
သာရလင်း ၏ တတိယမြောက်စာအုပ် ဖြစ်ပါတယ်။
ကဗျာမဖြစ်သေးတဲ့ ကဗျာတွေ
ရင်ခုန် လှုပ်လည် စိတ်ညစ် အတွေးသေ
ကဗျာတူးဖို့ ပေါက်ပြားကောင်းတစ်လက် လိုနေတယ်။
ဂိမ်းဆော့ ချက်တင်ထိုင် မေးပို့သူများ အလုပ်သွား အလုပ်ပြန်များ
လူတွန်သံတွေ အားကျဖွယ် ကြားနေရ
လူတွေအများကြီးကြားမှာ တစ်ယောက်တည်းဖြစ်နေခဲ့
အထီးကျန်ခြင်းဆိုတာ အသက်ရှူရင်း သေနေရသလို
ပျင်းတယ် အထီးကျန်တယ် ရင်ခုန်တယ်
အထီးကျန်တယ် ပျင်းတယ် ရင်ခုန်တယ်
ရင်ခုန်တယ် ပျင်းတယ် အထီးကျန်တယ်
စိတ်တူး ပေါက်ပြား တစ်လက်နဲ့
စိတ်တစ်လက်လုံး ပြားချပ်နေတာကို မြင်ရတယ်။
ရင်ဘတ်တစ်ခုလုံး အုံးအုံးထနေတာ
ရင်ခုန်တာ မဟုတ်လို့ ဘာပြောချင်သေးလဲ
ကဗျာတူးပေါက်ပြားကောင်း တစ်လက်ရဖို့
စိတ်ရိုးလေးတစ်ချောင်း ရှာရပြန်ရော
ငါ့စိတ်ထံ ကမ္ဘာကြီးတွေ ပြေးလာနေကြတယ်။
သာရလင်း
ရထားတစ်စင်း
ကမ္ဘာမြေပေါ်မှာ ခပ်ပျင်းပျင်း မောင်းနှင်နေလေရဲ့
ဥသြဆွဲသံကိုက ဥသြသံလိုလို
စိတ်တစ်ခုလုံး နှေးကွေးလေးလံ
ကမ္ဘာကြီးက တစ်ခါတစ်လေမှာ လွမ်းစရာပါ သူငယ်ချင်းရယ်။
နွေးဦး လေရူး ဖုန်မှုန့်တွေက တလူလူ
နွေကျွန်းတစ်လျောက် မြေလူးတော့မည့် သစ်ရွက်ဟောင်းများ
သစ်ရွက်တွေ ဝေဖို့ သစ်ရွက်တွေ ကြွေပေးရတယ်
ရထားကြီးရပ်ဖို့ ရထားကြီးပြေးနေရတာလား
ဘယ်မလဲ ဘူတာ