On Friday, November 16, 2012 0 ဝေဖန်ချက်



အခြေအနေအရ ထွက်လာခဲ့ပေမဲ့၊ အိမ်ကို မပြန်နိုင်သေးပေမဲ့...
ဘယ်သူမှ မသိလိုက်တဲ့ ခံစားချက်များနဲ့ တိတ်တိတ်ပုန်း မျှော်လင့်ချက်များနဲ့ စက္ကန့်တွေဟာ သူ့စည်းကမ်းချက်နဲ့သူ ရွေ့လို့။
နင် သတိ ရ/ မရ ငါ မသိပေမဲ့၊ ငါ သတိရ နေပေမဲ့ ...
အလေအလွင့်နဲ့ နေမြင့်ခဲ့ရတဲ့ ဒီမနက်မှာ
အိပ်ယာထနောက်ကျ၊ မောနင်း အလုပ်ချိန်တစ်ဝက်ပျက်၊ ဒီကဗျာက အလုပ်ပျက်ကဗျာ၊ အချိန်အစားထိုး ပြန်လည်မြှုတ်နှံမှုကဗျာ။

သူ့အလှနဲ့သူ လှနေကြပေမဲ့၊ မခံစားတတ်ကြပေမဲ့...
တကယ့်အရှိတရားတွေ ဒီကမ္ဘာမြေပေါ်မှာ...
သူ့အလှနဲ့သူ လှနေကြပေမဲ့ ဒီရွှေဘိုငလျင်၊ ဒီ ရခိုင်အရေးအခင်း၊ ဒီ ကချင် စစ်ပွဲ ကျွန်တော်လည်း သိပ်ခံစားလို့မရဘူး။

မှားတယ်လို့ မဝေခွဲတတ်ပေမဲ့၊ မှန်တယ်လို့ မဆိုနိုင်ပေမဲ့...
လူ့အဖြစ်ကို ရွေးချယ်ခဲ့မိတဲ့ အကြောင်း
အမေ့ကို အကြောင်းကြားမိတဲ့ ရက်မှာ၊ နောက်တစ်ရက်မှာ အမေစိတ်ဆိုးနေတဲ့ အကြောင်း၊
လူ့အဖြစ်ဟာ လူ့အဖြစ်ပဲပေါ့ အမေရယ်။

နေ့လယ်စာ ထမင်းမစားရသေးပေမဲ့၊ ပိတ်ရက်များတဲ့ မြန်မာကြိုက်စားသောက်ဆိုင် ဖွင့်/ မဖွင့် မသိရသေးပေမဲ့...
ပြောင်းရွှေ့ ထိုင်းအလုပ်သမားဆိုတာ ““ ကျားကုတ်ကျားခဲ”” ဆိုတဲ့ စကားပုံလို။

လွမ်းတတ်တဲ့ နှလုံးသားရှိပေမဲ့၊ ဘာကို လွမ်းလို့လွမ်းမှန်း အတိအကျ မပြောနိုင်ပေမဲ့...
ဘာကိုဘာမှ တစ်ခု ခုကို အလိုမပြည့်ဝသလိုလို ပါဘဲဗျာ...။

On Sunday, October 14, 2012 0 ဝေဖန်ချက်

ဗမာပြည်က အခြေအနေ ဘယ်လိုလဲ
ပြန်လာခဲ့မယ်၊ လေယဉ်လက်မှတ်ဘယ်မှာ ဖြတ်ရမလဲ
ဒီအတိုင်းဆက်နေလိုက်တာက နည်းနည်း လုံခြုံသလိုလို
ဒီညစာ suksawat လမ်းထိပ်မှာ ထမင်းပြေးဆွဲလိုက်ဦးမယ်
ဗိုက်ရှိရင် ထမင်းလိုတယ်၊ ထမင်းက ပိုက်ဆံဆာတယ်၊ ပိုက်ဆံက အလုပ်ဆာတယ်။
သတိရတာက အမေ့အိမ်ကို၊ မပြန်နိုင်တာလည်း အမေ့အိမ်ကိုပါဘဲ
ဒို့နိုင်ငံ ပြောင်းလဲလာဘို့လိုအပ်ချက်နဲ့အတူ အလုပ်ပေးနိုင်ဘို့ ငါတို့မျှော်လင့်နေတယ်။
ခင်ဗျားတို့ ပါးစပ်ရှိတိုင်းလျှောက်မကြွားကြပါနဲ့ နုံခြာတဲ့လူတွေရဲ့ နှလုံးသားဟာလည်း ခံးစားမှုနဲ့ပါ
ဝါဒဖြန့်၊ ဆွဲဆောင်မှု၊ သြဇာအာဏာ၊ ကျော်ကြားမှု ငါတို့ အရမ်းကြီးမသိပါဘူး။
ဒီပိုက်ဆံ၊ ဒီဘတ်၊ ဒီဗိုက်၊ ဒီမျှော်လင့်ချက် ငါတို့ရင်မှာ ဟောင်းလောင်းပေါက်နေဆဲပါ
ခင်ဗျားတို့ ပြောင်းလဲခြင်းများထဲ ထမင်းဖြစ်တဲ့အလုပ်တွေ ထည့်လာပေးခဲ့ပါ။facebook.com lin tnlin

On Thursday, May 24, 2012 0 ဝေဖန်ချက်

မေ ၂၃၊ ၂၀၁၂

ကျနော့်ကို မင်းကိုးကွယ်ယုံကြည်ရာ ဘာသာက ဘာလဲလို့ မေးလာရင် မဆိုင်းမတွဘဲ ဗုဒ္ဓဘာသာလို့ ဖြေတတ်ပါတယ်။ အဖြေရဲ့ အ နောက်မှာ စိတ်မလုံခြုံတဲ့ ခံစားမှုတစ်ခုကတော့ ကပ်လျက်ပါလာစမြဲပေါ့။ မိဘတွေက ဗုဒ္ဓဘာသာမို့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်ခဲ့တော့ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထပ်ပြီးမေးမှာကြောက်ကို ကြောက်နေခဲ့တာပါ။ အိပ်ရာဝင်ချိန် ဦးသုံးချိန် ပေါက်ဆိန်ပေါက်ရှိခိုး။ ပါးစပ် က ဗုဓ္ဓံသရဏံ ဂစ်စ္ဆာမိ၊ ဓမ္မံသရဏံ ဂစ်စ္ဆာမိ၊ သံဃံ သရဏံ ဂစ်စ္ဆာမိရွတ်ဆို။ ပြီးရင် လောလော လောလော ထိုးအိပ်တဲ့အကောင်ဆိုတော့ ဗုဒ္ဓဘာသာလို့ပြောလိုက်ရရင်ကို စိတ်မှာမလုံခြုံချင်ဘူး။ ရှင်တော်ဘုရားက သာမန်လောကီသားတွေ လိုက်နာဖို့ အနိမ့်ဆုံး ငါးပါးသီလ သတ်မှတ်ပေးခဲ့ပေမယ့် မလိုက်နာနိုင်တာ များပါတယ်။

ဘာသာတရားနဲ့ပတ်သက်ရင် အတော်လေးနုံနဲ့တဲ့သူဆိုတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား” ဆိုတဲ့ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဆိုတာကလွဲလို့ ဘာသာရေးဗဟုသုတက အတော်ဝေးပါတယ်။ တစ်ခါတစ်ရံ စိတ်တွေလှုပ် ရှား၊ မဏှာမငြိမ်၊ တုန်လှုပ်လွန်းအားကြီးမှ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး ငါဒေါသထွက်နေတယ်၊ ငါ လောဘတက်နေတယ်၊ ငါ မဟုတ်တာ လုပ်နေတယ်ဆိုတဲ့စိတ်ကို ပြန်ကြည့်တဲ့အလေ့အကျင့် အနည်းအပါးတော့ရှိတတ်ပါတယ်။ အဲဒီလိုမျိုး စိတ်မျိုးနဲ့ ရံဖန်ရံခါ ခေါင်းအုံးကြီးကို ဘုရားရှင်ရဲ့ခြေဖ၀ါးတော်လို့ သဘောထားပြီး စိတ်ကြည်ကြည်လင်လင်နဲ့ဦးချမိရင် ပြောမပြတတ်၊ ရှင်းမပြတတ်တဲ့ ကြည်လင်ချမ်း မြေ့မှုရ ရှိခြင်းကို ကြည်နူးမိတယ်။ တစ်ချိန်ကြရင် ငါခင်တွယ်သမျှ၊ ငါ မက်မောသမျှ၊ ငါဒေါသထွက်သမျှတွေ ထားခဲ့ရအုံးမှာပါလားဆိုတဲ့ အသိနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုပြန်ကြည့်မိရင် အိပ်လို့မပျော်နိုင်အောင် မရင့်ကျက်တဲ့သူပါ။

ဟိုတစ်နေ့က ပျင်းပျင်းလဲရှိ။ ဖတ်စရာစာအုပ် အသစ်လဲ မရှိတော့ အိမ်က စာအုပ်ပုံကိုဖွရင်း ဓမ္မာစရိယ ဦးမောင်မောင်လေးရေးတဲ့ “ ပိဋက အနှစ်ချုပ်” စာအုပ်ကိုတွေ့တယ်။ ဆရာတော်တွေရေးတဲ့ စာအုပ်လေးတွေ တစ်အုပ်၊ နှစ်အုပ်လောက်တော့ ၀ယ်လဲဝယ်၊ လက်ဆောင်တွေ လဲရဖူးတော့ ဖတ်ဘူးပါတယ်။ ပါရမီအလွန်နည်းတဲ့ကောင်ဆိုတော့ ဖတ်တုံးခဏသာ စိတ်ကောင်း စိတ်မြတ်တွေမွေးလို့ရပြီး ကြာရင် ဒုံရင်း က ဒုံရင်း။ စိတ်အရောင်သွေးစုံလင်ဆဲ။ ဦးမောင်မောင်လေးစာအုပ်က ကျနော့်စာအုပ်မဟုတ်ပါဘဲ စာအုပ်ပုံထဲရောက်နေတာပါ။ ဘယ်သူ့ စာအုပ်မှန်းတောင်မသိတော့ ဖတ်ကြည့်ဘူးလားဆိုရင် ဝေးရောပေါ့။

ပိဋကသုံးပုံဆိုတာ ဘုရားရှင်တော်မြတ်ရဲ့ Biography နဲ့ နှုတ်ကပါတ်တော်တွေ အကုန်ပါတယ်ဆိုတာလောက်တော့ နုံနုံနဲ့နဲ့အသိနဲ့ သိမှတ် ထားဘူးတယ်။ ဒါပေမယ့် ပါဋိစာတွေဖတ်ရမှာ ပျင်းတာရယ်၊ မတတ်တာရယ်၊ ဘုရားစာဆိုရင် အလိုလိုမဖတ်ချင်တဲ့စိတ်နဲ့ အသေးစိတ် မဖတ်ဘူးပါဘူး။ ဦးမောင်မောင်လေးရဲ့ ပိဋိကအနှစ်ချုပ်ဆိုတဲ့ စာအုပ်ခေါင်းစဉ်ကိုတွေ့တော့ စာအုပ်ကလဲ မထူမပါး၊ အမှာစာရေးထား တာကလဲ လူသာမန်တွေ နားလည်လွယ်အောင်ရေးထားတယ်လို့ ညွှန်းထားတယ်။ ဒါနဲ့ဘဲ စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်တယ်။

ဆရာကြီးကသာ လူသာမန်နားလည်အောင်ရေးထားတယ်လို့ ဆိုထားတာ။ ဖတ်ကြည့်မှ သြော် ငါ့နှယ် လူသာမန်အဆင့်တောင်မရှိတဲ့ သတ္တ၀ါတစ်ကောင်ပါလားလို့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမိတော့တယ်။ စာအုပ်ထဲကပါတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တွေ၊ ဆိုဆုံးမမှုတွေကို နားလည်တာလဲရှိတယ်။ နားမလည်တာလဲရှိတယ်။ မြန်မာလူမျိုးက မြန်မာစာနဲ့ရေးတာကို မြန်မာလူမျိုးကနားမလည်တာ ပညာနည်းလို့ လို့ သဘောတူပါတယ်။

Andriod၊ IOS၊ Microsoft စတဲ့ ခေတ်မှီနည်းပညာတွေ နည်းနည်းသိ၊ ဒါဝင်ရဲ့ “လူသည် မျောက်ကဆင်းသက်သည်” ဆိုတဲ့အဆိုလေး မတောက်တခေါက်ဖတ်ဘူးတဲ့သူဆိုတော့ နတ်တွေ၊ စကြာမင်းတွေ၊ ဗြဟ္မာတွေ ကို ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စိတ်ထဲ သိပ်မစွဲလှဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားရှင်ရဲ့ သတိပဠာန်တရားလေးပါး ရှင်းလင်း ဖြေဆိုပုံ၊ အသက်နဲ့ ကိုယ် ပြဿနာစတဲ့ တုနှိုင်းမဲ့ဥာဏ်တော်နဲ့ လူပြိန်းတွေ နားလည်အောင်ရှင်းပြဖြေဆိုတော်မူသွားတာတွေကိုဖတ်ရတော့ ဗုဒ္ဓဘာသာဖြစ်ရတာ ကံကောင်းလိုက်တာလို့ တွေးမိတယ်။

အမေး၊ အဖြေတွေနဲ့ သံသယတွေကို ဘုရားရှင်တော်မြတ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ရှင်းလင်းဖြေဆိုသွားတာတွေဖတ်ရတော့ ဘုရားရှင် လက်ထက်တော်တုံးက ငရဲမှာရောက်နေခဲ့တဲ့ကောင်ဖြစ်နိုင်တယ်လို့ ကိုယ့်ကို ကိုယ်မှတ်ချက်ချမိတယ်။ စာအုပ်ဘယ်လောက်ကောင်း သလဲဆိုတာ ဆက်ညွှန်းနေရရင် အ အ အိပ်မက် မက်နေသလို ဖြစ်နေမှာစိုးလို့ ထားခဲ့ပါရစေတော့။

အဲဒီစာအုပ်ထဲက ဘုရားရှင်ရဲ့ “အဂ္ဂညသုတ်” ကို ဘုရားခေတ်မှာတောင် လူမဖြစ်ခဲ့နိုင်တဲ့ သတ္တ၀ါကျနော်က သဘောအကျဆုံးပါဘဲ။ အဂ္ဂညသုတ်ထဲမှာ ဗုဒ္ဓရှင်တော်မြတ်က လောကရဲ့ အစအဦးဆုံးကို ဟောကြားထားပါ။ ရဟန်းဝတ်ဖို့ စောင့်စားနေတဲ့ ၀ါသေဠဆိုတဲ့ ပုဂ္ဂိုလ် ကြီးရဲ့အမေးကိုဖြေရင်း ဒီကမ္ဘာလောကကြီးရဲ့ အစအဦးဘယ်က စတင်ခဲ့တယ်ဆိုတာကို ဟောကြားခဲ့တာပါ။ ဘုရားရှင်ခေတ်က ရှိတဲ့ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဆိုတဲ့ အမျိုးလေးမျိုးထဲမှာ ဘယ်သူက အမြတ်ဆုံးလဲဆိုတဲ့အမေးကို လူတွေထဲမှာ ကိုယ်ကျင့် သီလ ကောင်းသူသာအမြတ်ဆုံးဆိုတဲ့အဖြေကို ဥပမာတွေနဲ့ဖြေဆိုတော်မူသွားပုံက ဘာသာရေးနဲ့အတော်ဝေးတဲ့ ကျနော့်ကို ကြက်သီးထစေ တယ်။ ဘုရားရှင်က ဆက်လက်ပြီး ဒီကမ္ဘာကြီးဖြစ်ပေါ်လာပုံတွေကို တုနှိုင်းမဲ့ ဥာဏ်တော်နဲ့ ရှင်းလင်းဖြေဆိုတော် မူသွားပါတယ်။အစအဦးဆုံး ဒီလောက ကမ္ဘာကြီးပေါ်မှာ နှစ်သိမ့်ခြင်း ပီတိကိုသာ စားသုံးတဲ့ ဗြဟ္မာကြီးတွေ ဖြစ်တည်ပုံ။ ယောင်္ကျား ၊ မိန်းမ ကွဲပြားခြင်းမရှိပုံ။ နောက်မှ ဆီဦး၊ ထောပတ်လိုအရသာရှိတဲ့ မြေဆီကိုစားသုံးပြီး အထီး၊ အမတွေ ဖြစ်တည်လာပုံ။ အဲဒီလိုစားသုံးတဲ့အတွက် တပ်မက်ခြင်း တဏှာဆိုတာ ပေါ်ပေါက်လာပုံကို ရှင်းလင်းဟောပြတော်မူပါတယ်။ မြေဆီကို စားသုံးလာတာနဲ့အမျှ အဆင်းလှသူ၊ အဆင်းမလှသူတွေ ကွဲပြားလာပြီး အဆင်းလှသူက အဆင်းမလှသူကို မာန်မူခြင်းအတွက် မြေဆီကွယ်ပျောက်ပြီး အဆင့်ဆင့်နိမ့်ကျ၊ နောက်ဆုံးမှာ မချက်မပြုတ်ဘဲ စားသုံးနိုင် တဲ့ သလေးစပါးတွေ ပေါ်လာပုံကို တစ်ဆင့်ခြင်း ရှင်းလင်းဖြေဆိုတော်မူပါတယ်။

အဲဒီ သလေးစပါးတွေက မနက်မှာ ခူးဆွတ်စားသုံးရင် ညနေမှာ အလိုလိုပြန်ပြီးပြည့်လာပေမယ့် လူတွေရဲ့အလိုလောဘတွေကြောင့်၊ မိမိစားဖို့အတွက်တောင် အများတကာလိုအားမထုတ်ဘဲ အလွယ်လိုက်ပြီး ခိုးကြ၊ ၀ှက်ကြ၊ သတ်ကြရာမှ တစ်ဆင့် သလေးဆန်ကြမ်းတွေ စားရင်း လူ့သက်တမ်းတွေတိုလာတယ်လို့လည်း ရှင်းလင်းတော်မူပါတယ်။ ကျနော့်မှာ ဖတ်ရင်း ဖတ်ရင်း လူ့သက်တမ်း အနှစ်သောင်းချီပြီး မပူမပင်နေရတဲ့ဘ၀တွေကနေ လောဘ၊ဒေါသ၊ တဏှာတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာကြီးအဖြစ်ပြောင်းလဲလာတာကို ခံစားမိလာ တယ်။

ဗုဒ္ဓရှင်တော်မြတ်ကြီးရဲ့ သဗ္ဗုညုတရွှေဉာဏ်တော်နဲ့ အဆစ် အဆစ်ပိုင်းခြားပြီး ရှင်းလင်းဟောပြောတာကို ဖတ်၊ မှတ်သားရင်း ဗြဟ္မာတွေ၊ နတ်တွေ၊ မြေဆီတွေ ကို မယုံမကြည်နဲ့ ငရဲသွားမယ့် ကျနော်က ခံစားမိတယ်ဘဲထားအုံးတော့။ လူ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့်သာလျှင် လူတွေက မိမိ အမျိုးအနွယ်ကို မိမိပြန်ပြီး ဖျက်ဆီးနေကြတဲ့ သတ္တ၀ါတွေဆိုတဲ့ ဘုရားရှင်ရဲ့ဟောကြားချက်ကို နှစ်သက်လက်ခံမိတယ်။

ဗုဒ္ဓဘာသာနိုင်ငံလို့သတ်မှတ်ကြတဲ့ ကျနော်တို့ ရွှေပြည်ကြီးမှာရော ဘယ်လိုပါလိမ့်။ ဘုရားရှင်တော်မြတ်လောက် စိတ်ကို သတိကပ်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကို ထိန်းသိမ်းဖို့ အာပေါက်တော်မူလောက်အောင် ဟောကြားတော်မူခဲ့သည်။ အဆင့်ဆင့် လက် ဆင့်ကမ်းရင်း ရှင်အရဟံတို့ကတဆင့် ကျနော်တို့ဆီကို သယ်ဆောင်ပေးတော် မူခဲ့ကြပါတယ်။ ဒါပေမယ့်ပေါ့လေ အခုအချိန်မှာတော့ ရွှေပြည်ကြီး ဘယ်လို ၊ ဘယ်ပုံဖြစ်ပျက်နေတာကို ပြန်ကြည့်မိရင် လောကသံသရာကနေ လွတ်မြောက်တော်မူသွားတဲ့ ဘုရားရှင်ကို ဗုဒ္ဓဘာ သာနိုင်ငံပါဘုရားလို့ လျှောက်တင် ရမှာတောင် ကြောက်မိပါရဲ့။ ဘုရားရှင်ကတော့ အနန္တ မေတ္တာစိတ်ထားတော်နဲ့ ခွင့်လွှတ်တော်မူမှာဖြစ် ပေမယ့် ဘုရားရှင်တော်မြတ်မရှိတော့တာ ခပ်ကောင်းကောင်းပါလေလို့ တွေးမိပါရဲ့။ နောက်နောင်ဆိုရင် ကျနော် ဗုဒ္ဓဘာသာပါလို့ ဒင်ပြည့် ကြပ်ပြည့်ပြောနိုင်ဖို့ ကြိုးစားရပါအုံးမယ်။


မိုးခခ ဂျာနယ်မှ

ဖိုးထက် ၏ ဆောင်းပါး

On Monday, May 7, 2012 0 ဝေဖန်ချက်


လယ်သမားများ


ဖြစ်နိုင်ခြင်းတဧက၊ မဖြစ်နိုင်ခြင်းတဧက
ထယ်ရေးညက်အောင် ထွန်ယက်ခဲ့ကြပြီးပြီ
မျိုးစေ့တွေကိုယ်စီနဲ့သူတို့
ကောင်းကင်ကို မော့လို့ကြည့်ကြ။

ပင်လယ်၊ သမုဒ္ဒရာတွေဆီက
အန်ချ စေလွှတ်လိုက်မယ့် အရည်ရွှမ်းတိမ်တိုက်တွေ
မုတ်သုံလေနဲ့အတူ ဆိုက်ရောက်လာမယ့် နေ့ကိုလေ။ ။

နေမျိုး
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၇ ခုနှစ်)

On Tuesday, May 1, 2012 0 ဝေဖန်ချက်




လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။

ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။

ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။

လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။

အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။

လှသန်း
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇ ခုနှစ်)

drlunswe.blogspot.com မှ ကူးယူထားပါသည်။

On Thursday, April 12, 2012 0 ဝေဖန်ချက်

သင်္ကြန်ပွဲတော် ဆိုတာ မြန်မာပြည်နှင့်တကွ အရှေ့တောင် အာရှဒေသ နိုင်ငံတော်တော်များများမှာ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ် ။

သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ စုန်ကန်(Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ပီမိုင် (pee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်။

ထိုင်းနိုင်ငံမှာ မြန်မာပြည်ထက် သင်္ကြန်ရက်ပိုမိုများပြားတာကို လေ့လာတွေ့ရှိရပါတယ်။ စုန်ကန် (song kran) ပွဲတော်ဟာ မြန်မာသင်္ကြန်ရက်နဲ့ တစ်ထပ်တည်း ကျင်းပတဲ့ရက် ကို ထိုင်းတစ်နိုင်ငံလုံး ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်အဖြစ် (၄) ရက် သတ်မှတ်ပျော်ရွင်ကြပြီး မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ ရက်တွေမှာလည်း ပျော်ရွှင်ကြည်နူးစွာ ကျင်းပကြပါသေးတယ်။ ဒီမြို့နယ်အလိုက် စုန်ကန် ရက်တွေမှာတော့ မြို့နယ်အလိုက် သီးသန့် အလုပ်ပိတ် အားလပ်ရက်တွေအဖြစ် နဲ့ နှစ်သစ်ကူးမင်္ဂလာအဖြစ် သတ်မှတ်ပေးထားကြပါတယ်။

Bangkok Songkran Splendours Festival (10 - 15 April 2012)

Chiang Mai Songkran Festival (12 - 15 April 2012)

Chon Buri Songkran Festival (13 - 21 April 2012)

Hat Yai Midnight Songkran Festival, Songkhla (11 - 13 April 2012)

Isan Songkran Festival, Dok Khun Siang Khaen Festival, and Khao Niao Street(11 - 18 April 2012)

Maha Songkran Festival - Hae Nang Dan Muang Nakhon (11-15 April, 2012)

Nakhon Phanom Songkran Festival (11 - 15 April 2012)

Nong Khai Songkran Festival (12 - 15 April 2012)

Phra Nakhon Si Ayutthaya Songkran Festival (13 April 2012)

Phra Pradaeng Songkran Festival, Samut Prakan (22 - 24 April 2012)

Songkran on the Beach, Phuket (12 - 13 April 2012)

Sukhothai Songkran Festival (9 - 19 April 2012)

Suphanburi Maha Songkran 2012 (13 - 16 April 2012)


သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။

သင်္ကြန်ပုံပြင်
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ (၁)ပါတ်လျှင် (၈) ရက်ရှိ ခဲ့ပြီး ယခုအခါ (၇) ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။

ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။

ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။

ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။ မြေပေါ်ချထားလျှင် (၇) နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည်။ ရေ တွင် ထားပါကလည်း သမုဒ္ဒရာ (၇) စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်။ ..ဒီတော့ မြေမှာလည်း မထား..ရေ သို့လည်း မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကျ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။

နတ်သမီးတွေရဲ့ တစ်ဦးပြီး တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကို သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။

မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။
ဘာပဲပြောပြော ““သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း”” (နှစ်ဟောင်းမှ နှစ်သစ်သို့ပြောင်းခြင်း””) လို့ အဓိပ္ပာယ်ရတယ်ဆိုတာ...

သင်္ကြန်ရက်မှာ ခေါင်းလျှော်မင်္ဂလာပြုလုက်လျှင်...ရောဂါဝေဒနာ (၇)မျိုး ကင်းစင်ပြီး၊ ချမ်းသာသုခ မင်္ဂလာနှင့် ပြည့်စုံတယ်လို့ လောကီမင်္ဂလာကျမ်းဂန်တွေ မှာ လေ့လာတွေ့ရှိရပါတယ်။

လင်းတိမ်လင်းတို့ကတော့ ဒီနှစ်သင်္ကြန်ရက်မှာ အရမ်းရင်ခုန်ပေမဲ့ မြန်မာပြည်ကို အရမ်းလွမ်းပါတယ်။ မြန်မာမြေပေါ်မှာပဲ သင်္ကြန်ပျော်ရတာ အရသာရှိရှိရင်ခုန်ပါတယ်။ မြန်မာအမိမြေမှာ သင်္ကြန်ပျော်နိုင်ခွင့်ရှိသူတွေနဲ့တကွ လူတွေ အားလုံး သင်္ကြန်နှစ်သစ်ပွဲတော်မှာ ပျော်ရွှင်နိုင်ကြပါစေ...လို့ အလွမ်းများပြည့်လျှံနေတဲ့ ရင်ဘတ်တစ်စုံနဲ့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းတို့ရေ...


On Tuesday, April 10, 2012 0 ဝေဖန်ချက်

ထိုင်းနိုင်ငံ လက်ရှိ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ် (Yingluck shinnawatra) ဟာ ၂၀၁၁ ခုနှစ်က စပြီးတော့ ၀န်ကြီးချုပ် ရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ၀န်ကြီးချုပ် ရာထူးအတွက် မဲဆွယ်စဉ်ကာလမှာ ““ ထိုင်းအလုပ်သမားတစ်ဦးလျှင် တစ်ရက်အတွက် လုပ်အားခ (၃၀၀) ဘတ်ငွေ ရအောင် ဆောင်ရွက်ပေးမယ် ”” စသဖြင့် ထိုင်း အလုပ်သမားပြည်သူတွေကို မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီမဲဆွယ်သတင်းစကားဟာ ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းအလုပ်သမားအပါအ၀င် အလုပ်သမား အားလုံးအတွက် ရင်ခုံအားတက်စရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီစကားကြောင့်ပဲ အလုပ်ရှင်တွေရဲ့ ငြိုငြင်မှုကို ခံခဲ့ရသလို ရှိပေမဲ့ ထိုင်းအလုပ်သမားပြည်သူတွေရဲ့ ထောက်ခံဆန္ဒမဲ များစွာကို ရရှိခဲ့ပါတယ်။ သူမ အမှန်တကယ် ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်မှာတော့ သူမရဲ့စကားကို အကောင်အထည် ဖော်ဆောင်ဖို့ ကြိုးပမ်းနေစဉ်ကာလမှာပဲ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြီးကို ဘန်ကောက်မြိုအပါအ၀င် ထိုင်းနိုင်ငံအနံ့ အပြားမှာ ကြုံတွေ့ခဲ့ရပါတယ်။ ရေဘေးသင့် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင် နေရတဲ့အတွက် အလုပ်သမားလုပ်ခတိုးရေးကိစ္စဟာ နှောင်းနှေး ကြံ့ကြာခဲ့ပြီး အလုပ်သမားတွေ အတွင်း မယုံသင်္ကာ ဖြစ်ခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခု အချိန်မှာတော့ အလုပ်သမားတစ်ဦးလျှင် တစ်ရက်အတွက် လုပ်အားခ (၃၀၀) ဘတ် ခံစားခွင့် ရှိသွားကြပြီဖြစ်ပါတယ်။ မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယား အစရှိတဲ့ ပြည်ပ အလုပ်သမားတွေအနေနဲ့ လူတန်းစား ခွဲခြားဆက်ဆံခံရလိမ့်မယ် လို့ စိုးရိမ်ခဲ့ရပေမဲ့လည်း အားလုံးတစ်ပြေးညီ ခံစားခွင့် ရရှိခဲ့ကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေလည်း တစ်နေ့ကို လုပ်အားခ (၃၀၀) ဘတ် ရရှိနေကြပါပြီ။ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး လုပ်အားခများကို တရားဝင်ကြေငြာ တိုးပေးခဲ့တာဖြစ်ပါတယ်။ suksawat 70 road. soi 7.မှာ တည်ရှိတဲ့ NIKE ကုမ္ပဏီလက်ခွဲ၊ Hi Tech ကုမ္ပဏီ အထည်ချုပ် စက်ရုံမှာ မြန်မာအလုပ်သမား (၃၀၀) ကျော်ရှိပြီး မြန်မာအလုပ်သမားတွေကို ဆက်လက်ခေါ်ယူနေဆဲလို့ သိရပါတယ်။ အခုလ ဧပြီ (၁)ရက်နေ့က စပြီး လုပ်အားခ တစ်ရက်လျှင် (၃၀၀) ဘတ်၊ OT တစ်နာရီလျှင် (၅၆) ဘတ် ဖြစ်ပါတယ်။ ဒီနေ့အထိတော့ တစ်ရက်လျှင် OT (၄)နာရီ ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ မြန်မာပြည်သားအတွေအတွက် ပတ်စပို့ နဲ့ အခြားသော စာရွက်စာတမ်းများ သက်တမ်းတိုးခြင်း စတာတွေကိုလည်း အခမဲ့ ဆောင်ရွက်ပေးနေတဲ့ အကြောင်း သိရှိရပါတယ်။

On Sunday, March 18, 2012 0 ဝေဖန်ချက်



လောလောလတ်လတ် လွမ်းနေတဲ့စိတ်က လွင့်နေတဲ့ တိမ်တွေလို
လုံ လောက်မှုမရှိတဲ့ ဘ၀မှာ လေတွေလည်း မလန်းဆန်းဘူး
လင့်စင်ပေါ်ကနေ လော နေတဲ့ ဆန္ဒ တစ်စုံ
လိမ်လည်မှုနဲ့ လွင့်အော်ကျလာတဲ့ လွတ်လပ်ရေးဆိုတာ
လုလော် အဖြစ် ဟန်ဆောင်ဖို့ သနပ်ခါးတွေ လူးထားသလိုပါဘဲ
လူ့အခွင့်အရေးဆိုတာ လော်လင့် နေလို့ ရတတ်တဲ့အရာ မဟုတ်ဘူးဆိုတာ သိရဲ့လား
လက်စသပ်လို့ မရသေးတဲ့ ဒီလမ်းစဉ်တွေအပြင်
လမ်းမပေါ်မှာ လူသူမသိတဲ့ ကျွန်တော်လိုလူလည်း
လူ့ဘ၀ဇာတ်ခုံပေါ်ကနေ လွယ်လွယ်လေး လိမ့်မကျဘို့ လက်တွေကို ကျစ်လစ်စွာ ကုတ်တွယ်ထားရ
လူငယ်ဆိုတော့လည်း လောက် တွေလို မူးယဇ်နေရုံနဲ့ အလုပ်မဖြစ်
လောလောလတ်လတ် လင့်မျှော်ခြင်းတွေနဲ့ လူ့လမ်းပေါ်မှာ
လွင့်စရာရှိရင်လည်း လူးလူး လွန့်လွန့် လွင့်လိုက်တော့မယ်
လွမ်းစရာရှိရင်လည်း လောက်လောက်လားလား လွမ်းလိုက်တော့မယ်။

သာရလင်း

18.3.2012/ 5.00pm


ခက်ဆစ် စကားလုံး အဖြေ

လုံ...လေ။ (ထိုင်းစကား)

လော...စောင့်ဆိုင်းသည်။ (ထိုင်း)

လုလော်...လူချော။ (ထိုင်း)

လော်လင့်...နောက်ပြောင်သည်။ စနောက်သည်။ အတည်မဟုတ်သည့် နေရာ၌ သုံး (ထိုင်း)

လောက်...အရက်ကြမ်း (ထိုင်း)

On Monday, March 12, 2012 0 ဝေဖန်ချက်


မြက်ခင်းအတုဘေးမှာ ထိုင်နေမိတယ်။
မနက်ခင်းဆိုပေမယ့် စိတ်ထဲမှာ မလင်းလက်ဘူး။
လေတစ်ချက် ဝှေ့ဝင်လာတယ် ရင်ထဲမှာ မအေးလိုက်ဘူး
ကျွန်တော်တို့ နိုင်ငံအကြောင်း၊ ဧပြီ တစ်ရက်နေ့အကြောင်း၊ လာမယ့်သုံးနှစ်မြှောက် ရောက်လာရင်..ဆိုတဲ့အကြောင်း၊
NLD. လွှတ်တော်၊ CRPP. အလုပ်သမားဥပဒေသစ်၊
လူ့အခွင့်အရေး၊ ကိုယ့်အစွမ်းအစ၊
အမေနဲ့ အမေ့အကြောင်း၊
တံခါးဖွင့်၍ ၀င်လာမိခဲ့တယ် ကိုယ်မြေ့ပေါ်မှာ တည်ဆောက်ထားတဲ့ အခန်းမဟုတ်ကြောင်း တွေးလိုက်မိတယ်
မှန်ပြတင်းပေါက်မှာ နေရောင်ခြည်တွေ လက်လက်ထ၊ စိတ်အာရုံမှာ မတောက်ပဘူး။

On Friday, March 9, 2012 0 ဝေဖန်ချက်


ဒီစကားကတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် (ပြည်ထောင်စုလွတ်တော်၊ အစိုးရတစ်နှစ်ပြည့်မိန့်ခွန်း မှာ ) ပြောကြားခဲ့တဲ့ စကားပဲဖြစ်ပါတယ်။ ““ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စိတ်ထား”” ဆိုတာ ဘယ်လိုစိတ်ထားမျိုးဖြစ်ပါသလဲ-လို့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ဘီဘီစီသတင်းဌာနကလည်း အင်တာဗျူးတွေ ပြုလုပ်နေပါတယ်။

ကျွန်တော် အမြင်အရတော့ ““ဒီမိုကရေစီ နဲ့ ထိုက်တန်တဲ့ စိတ်ထား”” ဆိုတာ..““တူညီမျှတဲ့ စိတ်ထား၊ (တနည်းအားဖြင့်) ညီညွှတ်တဲ့ စိတ်ထား”” လို့ ဖွင့်ဆိုချင်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိုတဲ့ လမ်းမကြီးရဲ့ အ၀င်ဝမှာ ရောက်နေပြီ-လို့ ဆိုကြပါစို့။ ဒီကနေ့ ကျွန်တော်တို့ အားလုံးက ““ဒို့နိုင်ငံကြီး လွတ်လပ် ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်ရမယ်”” လို့ တူညီမျှတဲ့ စိတ်ထားရှိရပါမယ်။ ဒီစိတ်ထားက စိတ်ထဲမှာ ထားရုံမတ္တ မဟုတ်ပဲ “ဒီမိုကရေစီကို ရှေ့ရှုနေတဲ့ ဒို့နိုင်ငံကြီးရဲ့ လမ်းကြောင်းမှာ ငါ တစ်ယောက်ကိုယ်တိုင်အနေနဲ့ တစ်တတ်တစ်အား ပါဝင်ဆောင်ရွက်မယ်” ဆိုတဲ့ အဓိဌာန်စိတ်ထားမျိုးဖြစ်ရပါမယ်။ ဒီလို ခိုင်မာတဲ့ စိတ်ထားမျိုး မြန်မာပြည်သားတွေရဲ့ ရင်ထဲမှာ တူညီမျှစွာ တည်ရှိနေရမှာ ဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်မယ်- ဆိုတဲ့နေရာမှာလည်း ဘာမှ မကူညီနိုင်ရင်တောင်မှ ငါ့ကြောင့် လူမှုပတ်ဝန်းကျင်မှာ အနှောက်အယှက် မဖြစ်ရလေအောင် ငါ့စည်းကမ်း ငါထိန်းသိမ်းပြီး ကူညီမယ်..ဆိုပြီး နေရင်ကိုပဲ ကူညီရာရောက်ပါပြီ။ လူသားအရင်းအဖြစ်တစ်ခုအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးအင်အားတစ်ခုပေါ့ဗျာ။

ဆိုလိုရင်း အဓိပ္ပာယ်ကတော့““အားလုံးက တစ်ပိုင်တစ်နိုင် တာဝန်ကျေနေခြင်းသည် နိုင်ငံတော်ရဲ့ အင်အား”” လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

ဖက်ကြမ်းဆေးလိပ်သောက်သူကလည်း ဖက်ကြမ်းဆေးလိပ် သောက်သူအလိုက်။ စီးကရက်သောက်သူကလည်း စီးကရက်သောက်သူအလိုက်။ ပန်းရောင်းသူကလည်း ပန်းရောင်းသူအလိုက်။ ကုမ္ပဏီဥက္ကဌကြီးကလည်း ကုမ္ပဏီဥက္ကဌကြီးအလိုက်။ ဒေါက်တာကြီးကလည်း ဒေါက်တာကြီးအလိုက်။ ရုံးစာရေးကလေးကလည်း ရုံးစာရေးကလေးအလိုက်။ သမ္မတကြီးကလည်း သမ္မတကြီးအလိုက် တက်ညီ လက်ညီ ရှေ့သို့ ချီရပါမယ်။ နှစ်ပေါင်း (၂၀) ကျော်ကြာ ငြိမ်ဝပ်ပိပြားနေတဲ့စိတ်နဲ့ အတူ နည်းနည်းထောင်လို့ရရင် နည်းနည်း ဘ၀င်ကိုင်တတ်တဲ့ စိတ်တွေ။ ပိပြားနေတဲ့ စိတ်နဲ့အတူ ပိပိပြားပြား ပေးတတ် ၊ ပိပိပြားပြား ယူတတ်တဲ့ အကျင့်တွေ၊ စသည့် စသည့်အောက်တန်းကျမိခဲ့သမျှအကျင့်ကလေး တွေကို ဖျောက်ဖျက်ပစ်သင့်ပါပြီ။

လွတ်လပ်မှုရဲ့ အရသာ အစိုင်အခဲထဲမှာ ရိုးသားမှုတွေ သန္ဓေတည်ရှိနေပါတယ်။ အဲဒီရိုးသားမှုသန္ဓေကို မိမိရဲ့ နှလုံးသားနဲ့ တစ်ထပ်တည်း ကျအောင် တူးဖော် ရယူထားရပါမယ်။ ပြီးတော့ ပြီးတော့ ရှေ့သို့ ရှေ့သို့ မိမိအရည်အချင်းနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို နိုင်ငံနဲ့ မိမိအတွက် တူးဖော် ရယူနိုင်လာပါလိမ့်မယ်။

ကျွန်တော်တို့ တတွေဟာ နိုင်ငံရေး အပါအ၀င် အရာရာကို သိချင်ယောင်၊ တတ်ချင်ယောင် ဆောင်လိုကြပါတယ်။ အငြင်းသန်ကြပါတယ်။ အနိုင်မခံ အရှုံးမပေး မောက်မာတဲ့ လေသံတွေ ပါတဲ့အထိအောင် ငြင်းခုန်ကြတယ်။

ဆိုပါစို့....အရက်မူးပြီး မြန်မာ့ ဒီမိုကရေစီအကြောင်း ငြင်းခုန်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုလည်း မြန်မာ့ အနာဂတ်အရေးအတွက် မယုံကြည်ရတဲ့ သူ အဖြစ် ဝေဘန်တယ်။ နိုင်အောင်ငြင်းတယ်။ နိုင်ရင်ပြီးတာပဲ။ ပြီးတော့ စားထားတဲ့ ပန်းကန်ပြားတောင် မဆေးဘူး၊ မူးပြီး အိပ်ပျော်သွားတယ်။ ညရောက်တော့ အသံနက်ကြီးနဲ့ ယောင်ယောင်ပြီး အော်တယ်။ တက် ခေါက်တယ်။

““ ဒီမိုကရေစီ”” ““ဒီမိုကရေစီ”” ““တက်...ဒီမိုကရေစီပါ ဆိုနေကွာ””


ကဲ... ဘယ်လိုလဲ သူငယ်ချင်း မြန်မာနိုင်ငံကြီးအနေနဲ့ “ ဒီမိုကရေစီစစ်စစ် ဖြစ်လာမယ်၊ မဖြစ်လာဘူး ” မပြောနိုင်သေးဘူး မဟုတ်လား။ ကျွန်တော် ပြောနိုင်တဲ့ အရာကတော့ အတိအကျပဲ။ ““ကျွန်တော်တို့ အခန်းမှာ ဒီမိုကရေစီ မရသေးဘူး။ မြန်မာမှု ပြုရမယ်ဆိုရင်တော့ ကျွန်တော်တို့အခန်းမှာ အလွတ်လပ်ဘူး၊ စိတ်ညစ်တယ်””


ကျွန်တော်တို့ မြန်မာစာထဲမှာ ယဉ်ကျေးတဲ့စကားကို အထူးပြုထားတဲ့ ဥပမာစကားလေးတစ်ခု ရှိပါတယ်။ ““မြို့ကြီးသူသဖွယ် နုနယ်သိမ်မွေ့သော”” (စကား) ဆိုတဲ့ ဥပမာ အထူးပြု စာသားကလေး။ ကျွန်တော်တို့ တတွေဟာ တစ်ဦးချင်စီရဲ့ ရင်ဘတ်ထဲမှာ လွတ်လပ်ပြီး စိတ်ချမ်းသာဖို့အတွက် ယဉ်ကျေးပျူငှါတဲ့ စကားတွေကို သုံးစွဲဖို့ လိုအပ်မယ် ထင်ပါတယ်။ ကိုယ်တိုင်ကိုယ်တိုင်က မြို့ကြီးသား ပီသရပါမယ်။ နိုင်ငံကြီးသား အသွင်ဆောင်နိုင်ရပါမယ်။

ကဲ သူငယ်ချင်းရေ...နိုင်ငံရေး အဘိဓာန်ထဲက..Democracy ဆိုတဲ့ ဝေါဟာရကို လေ့လာကြည့်ရင်း အတွေးများကို ခဏလောက် အဆုံးသတ်ကြပါစို့။

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်း ဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ရှေးခေတ်ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့် ရှိခြင်းကို ဆိုလိုသည်။ စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေး အာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထုတစ်ရပ်လုံး၏ လက်တွင်း၌သာ ရှိသည် ဟု အဓိပ္ပ္ပာယ် ထွက်သည်။ မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများ ခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက် ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုအုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့်စနစ်ဖြစ်သည်။( ဝေဘန်ချက်တစ်ခုမှာ).. ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး၊ လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသ၍ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသ၍ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမ၀င်ပဲ အဆိုးဆုံး အခြေအနေများကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဘန်ပြောဆိုကြသည်။

On Friday, February 10, 2012 0 ဝေဖန်ချက်





မိုးကောင်းကင်ပြာပြာများ၏ လွှမ်းမိုးဖုံးအုပ်ထားခြင်းကြောင့် ကမ္ဘာမြေပ်ါရှိ သက်ရှိသတ္တ၀ါများတွင် အချစ်စိတ်များ လွှမ်းမိုးကိန်းအောင်းနေကြသည်။

အချစ်စိတ်သည် ရင်ခုန်ခြင်း၏ ကိုယ်စားလှယ်။

စက္ခုအကြည်လွှာနှင့် အဆင်းသဏ္ဍာန်တို့ ထိခတ်သွားခြင်းကြောင့် ဟဒယ နှလုံးသား၏ အတည်ပြုချက်အရ ရင်ခုန်သံများ မြည်ဟီးလာခဲ့သည်။

၁။ငြိမ့်ငြိမ့်ကလေး စီးဆင်းနေသည့် စမ်းချောင်းသံ အလား အေးမြသော ငြိမ့်ညောင်းရင်ခုန်သံ။

၂။တောင်ကျချောင်းအသွင် ရေစီးလျင်သည့် လှိုက်ဖို ရင်ခုန်သံ။

၃။လှိုင်းကြမ်းပုတ်သည့်အလား ကြမ်းတမ်းတုန်လှုပ်ဖွယ် ပင်လယ်ရင်ခုန်သံ။

၎။နတ်သမီးပျိုကလေးနှင့် အတွေ့ ကမ္ဘာကြီးကို ခဏမေ့သွားသည့် နတ်သမီးရင်ခုန်သံ။

၅။အိပ်မက်ပန်းမွေ့ယာကြီးအပေါ်တွင် ” ပြွေ” ထိုင်မှုတ်နေသည့်အလား ထူးခြားသော အတွေ့အထိကိုပေးသည့် အိပ်မက်ရင်ခုန်သံ။

၆။ရှိတော့ ရှိသည်၊ တကယ်ရှိသည် ဘာရယ်လို့အတိအကျပြောလို့မရ အသည်းယားဖွယ် စီးဆင်းနေသည့် မှော်ဝင်ရင်ခုန်သံ။

၇။မျက်ရည်ကျလုမတတ် ပျော်ရွှင်မှုကို ဖြစ်စေသည့် ၀ါဂွမ်းအလိပ်ပေါ် ဆီလောင်းချလိုက်သည့်အသွင် အသည်းထဲ စိမ့်ဝင်သွားသည့် ပီတိရင်ခုန်သံ။

ရင်ခုန်သံသည် ချစ်ခြင်းမေတ္တာ၏ ရှေ့ပြေး။ (၁၂)လရာသီတွင် ဖေဖော်ဝါရီသည် အချစ်တို့ဖြင့် လှပသည်။ ဆောင်းနှောင်းရာသီနှင့် နွေဦးရာသီစပ်ကြားတွင် တည်ရှိသော ဖေဖော်ဝါရီသည် အေးလွယ် နွေးလွယ်သဖြင့် ရင်ခုန်သံကို တွန်းအား အပေးနိုင်ဆုံး လဖြစ်သည်။ ဖေဖော်ဝါရီသည် အချစ်တို့ဖြင့် လှပသည်။ အချစ်သည် ရင်ခုန်သံများ၏ အစွမ်းဖြင့် မှော်အောင်လာခဲ့ပြီ။

ကျွန်တော် ချစ်သော၊ မြတ်နိုးသော၊ တန်ဖိုးထားသော သူသည် ဖေဖော်ဝါရီတွင် မွေးဖွားခဲ့သည်။

သူသည် အချစ်ကြီးလွန်းသဖြင့် ချစ်သူများနေ့ထက် တစ်ရက်ကြိုတင်ကာ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် လူ့လောကသို့ အရောက်လာခဲ့သည်။

သူသည် မြန်မာပြည်သူ ပြည်သားတွေကို ချစ်သည်။ မြန်မာပြည်ကို ချစ်သည်။ နံပါတ် အဆင့်(၁) သူ့ချစ်သူသည် မြန်မာပြည်ဖြစ်သည်။ သို့သော် လောကသဘာဝတရား တိုက်တွန်းမှုအရ နံပါတ်အဆင့် (၂) ချစ်သူ မခင်ကြည်ကို လက်ထပ်ထိမ်းမြားခဲ့သည်။ လက်ခမောင်းခတ်နေသည့် တောကြောင်များကို မိခင်မြေမှ မောင်းထုတ်ရန်အတွက် တောင်တွင်းကြီးနယ် အနီး “နတ်တွေ အမောက်ထောင်သည့် နေရာ” တွင် သူ့ဘ၀ကို အစပျိုးခဲ့သည်။ အောင်မြင်မှုကို ဆန်းဆန်းပြားပြား တိုက်ခိုက်ယူဖို့ အတွက် သူ့နာမည်ကို “ အောင်ဆန်း” ဟု ကြွေးကြော်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီ ရင်ခုန်သံများတွင် အတိအကျ ပါဝင်စီးဆင်းသည်။ သို့သော် သူ၏ ရန်ခုန်သံကား ငြိမ့်ညောင်းအေးမြသည့် ရင်ခုန်သံမျိုးမဟုတ်၊ ”ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ရင်ခုန်သံမျိုးဖြစ်သည်။


ဖေဖော်ဝါရီ (၁၄)၊ စိတ်သဘောထား သိမ်မွေ့ပြီး လူသားဆန်မှုကို လိုလားသည့် saint valentinus ဆိုသူ ရောမမြို့မှာ နှိပ်စက်ပြီး ခေါင်းဖြတ်အသတ်ခံရသည့်နေ့။ ”မည်သူမှ လက်မထပ်ရ” ဟု အာဏာရှင် ကလောဒီယပ်စ် ဘုရင် တယူသန် အမိန့်ထုတ်ခဲ့သော်လည်း ချစ်သူတွေကို တိတ်တဆိတ်လက်ထပ်ပေးခဲ့သူ saint valentinus.။ ချစ်သူခြင်း ဆုံဆည်းခွင့်ရဖို့အရေး သူ့ဦးခေါင်းနှင့် စတေးရလောက်အောင်အထိ လှုပ်ရှားခဲ့သူ။

သစ္စာ (၄)ပါးတွင် မပါဝင်သော်လည်း အတိအကျ လိုက်နာသင့်သည့် သစ္စာတရား (၁)ပါး ရှိနေသေးသည်။ ဖေဖော်ဝါရီ (၁၄) ကို လူငယ်များ၏ ရင်ခုန်သံဖြင့် “ချစ်သူများနေ့” ဟု သတ်မှတ်ခဲ့ကြသည်။ ကျွန်တော်တို့သည် နံပါတ်အဆင့် (၁) ကို ပို၍ ချစ်သော်လည်း ” လောကသမ္မုတိသစ္စာ” (လူအများ သတ်မှတ်ထားသည့် အမှတ်တရား) လမ်းညွှန်ချက်အရ ရင်ခုန်သံဖြင့် တည်ဆောက်လျက် နံပါတ်အဆင့်(၂)ချစ်သူကိုသာ လက်ထပ်ကြပါမည်။ ရင်ခုန် အိပ်မက်ကြပါမည်။ သို့သော် နံပါတ်အဆင့်(၁) ချစ်သူကို ဦးထိပ်ထားလျှက် အမြဲသတိတရှိနေပါမည်။ လက်ထပ်မင်္ဂလာပွဲတွင် ကျွန်တော်တို့ ကြိမ်ဆိုမည့် လက်ထပ်သစ္စာစကားမှာ ဤသို့ဖြစ်ပါသည်။ ““ကျွန်တော်တို့ ကျွန်မတို့သည် ရင်ခုန်သံတို့ စီးဆင်းရာ ကိုယ်စီကိုယ်စီနှလုံးသားနှင့် လက်ထပ်ထားကြသော လူငယ်များဖြစ်ကြပါသည်””

လွတ်လပ်စွာ ရင်ခုန်နိုင်ကြပါစေ...

ဖေဖော်ဝါရီ (၁၃) နှင့် (၁၄) အတွက် အမှတ်တရ။ make in my heart.