On Sunday, May 3, 2009 0 ဝေဖန်ချက်

ဲ့မန်ကျည်းတုံရွာ
ရေဦးအရှေ့ဘက်။ ရွှေဘိုမြောက်ဘက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ။

ဘယ်သူမှ အလေးမထားကြပါဘူး
ဒီရွာလေးမှာ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ မွေးခဲ့ဖူးတယ်
““မဲဇာတောင်ခြေ... စီးထွေထွေတည်း
မြစ်ရေ ၀န်းလည် မြိုင်တောစီက
ရွှေပြည်ကိုသာ တရှာတော့မိ...””
လွမ်းစရာ့ ရတု ကဗျာ ရှည်ကြီးနဲ့ လွမ်းပြခဲ့တယ်
ပီဘိ ကဗျာ့ ၀ိဒူကြီးပါပဲ။

မန်ကျည်းတုံရွာ
ဘယ်သူမှ အလေးမထားကြပါဘူး
အဲဒီရွာလေး မီးဘေးသင့် သွားရှာတယ်
ဧပရယ် ၆ ရက် ။ ၂၀၀၉
နေပူပူကြီး အောက် နေ့လယ် ၁ နာရီ
ဘယ်လို အပူမျိုးနဲ့ ရင်ဆိုင်ရမလဲ
တွေးကြည့်ရင် သိမှာပါ
အိမ်ခြေ ၁၁၂ အိမ်။ အိုးမဲ့ အိမ်မဲ့ လူဦးရေ ၅၁၄
ဘယ်သူမှ အလေးမထားကြပါဘူး။

စားစရာ ထမင်းထုပ်တွေ၊ အ၀တ် ပစ္စည်းတွေ ဝေပေးရတော့
၂၀၀၈ ၊ မေလ၊ နာဂစ် ဒေသ လူတွေကို ကုသိုလ် ပြုခဲ့ရတဲ့
ပုံရိပ်တွေနဲ့ တစ်ထပ်တည်းပါပဲ
သနားမိတယ်။ ဒူးတွေများကို တုန်လို့
ညွှတ်ကျမတတ်၊ ကိုယ့်ကိုယ်မနည်း ထိန်းထားရတယ်။

နာဂစ်ရေ ရွာအဖြစ်တွေကို ရှာလှစ်ဖွေလို့ ပြောပါရစေ
နှစ်ရက်မေလ ၊ ရတက်ပွေရ၊ မျက်ရည်နဲ့ စခဲ့ကြပြီ။
အညာရွာလေးတစ်ရွာ
ဧပရယ်ခြောက် နွေလယ် ရောက်ခဲ့ရတယ်။
““ဟောသည် တန်ခူးလကြီးကို ကြောက်လှပါဘီ တော်ရယ်””
မျက်ရည်ဖုံးနေတဲ့ အဒေါ်ကြီးက ထမင်းထုပ်ကို လှမ်းယူရင်းပြောတယ်။
ဧပရယ် ခြောက် နွေလယ်ရောက်ခဲ့တဲ့ မန်ကျည်းတုံရွာလေး
တစ်နေ့မှာ ပြေလည်လောက်ပါတယ်။

အညာရွာလေးတစ်ရွာ ဘယ်သူမှ အလေးမထားကြပါဘူး
ရွာဥက္ကဌလေး မှာ ပုဆိုးတစ်ထည်လိုနေတယ်
တန်ခူးလ ကြောက်နေတဲ့ အဒေါ်ကြီးမှာ ထဘီ တစ်ကွင်းလိုနေတယ်။
မဲဇာတောင်ခြေ ရတုရှင်ကြီးရေ
သင်သာ သိရင် ဘယ်လို လွမ်းမလဲ...

မန်ကျည်းတုံရွာ
နွေပူပူအောက်ပြာမှုန်ဖြစ်ခဲ့ရတယ်
ကျွန်တော့ ကရုဏာတွေ ပြာမှုန်ဖြစ်ခဲ့ရတယ်
ခင်ဗျားတို့ မေတ္တာတွေ ပြာမှုန်ဖြစ်ခဲ့ရတယ်။

သာရလင်း ( ကိုယ်တိုင်သွားရောက်ခံစားသည်)

0 ဝေဖန်ချက်: