On Sunday, May 31, 2009 1 ဝေဖန်ချက်



အောင်ဆန်းတဲ့ စုကြည်
အောင်ဆန်းဆို ဗိုလ်ချုပ်သမီး
ကြီးမြတ်ဂုဏ်ရည် ။
အာဇာနည်
မြန်ပြည်ရဲ့ ချစ်သမီး။
ယနေ့အရေးမှာဖြင့်
ဖအေ့သွေးပီပီမို့
ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့
မြန်မာပြည် ဒေါင်းတောင် နိမိတ်တွေနဲ့
ကျောင်းခေါင်ရိပ် အနီးမှာလ
ကောင်းအောင် ဟိတ်ကြီးပါဘိ
ခေါင်ဆောင်ထိပ်သီး။
တင်မိုး
၁၁။ ၁၂။ ၈၈


ခေါင်းဆောင်ထိပ်သီး
မာမီစုကို
အလေးပြုပါတယ်။
တို့ ပြည် တို့မြေ ဘယ်နေ့မှာများ
ခေါင်းဆောင်အစစ်နဲ့ နေခွင့်ရမလဲ
မျှော်လင့် မိတဲ့ နေရက်တွေလည်း
လေပေါ်မှာ လွင့်လွင့် ပျံသွားကြ
နင်တို့ အတ္တတွေက ငွေသားစိတ်တွေလို စူးရှလွန်းရဲ့
ကိုက်စရာ ရှိတုန်း ၀အောင်ကိုက်ထားကြပေါ့

တစ်နေ့နေ့တော့ အမှန်တရားက
နင်တို့ကို နိုင်အောင် ဂလိန့်ပေါက်ပြပါလိမ့်မယ်။

On Friday, May 8, 2009 0 ဝေဖန်ချက်






On Thursday, May 7, 2009 1 ဝေဖန်ချက်

ရွှေတိဂုံဘုရားကို သွားဖို့
လူတွေ ကားတွေ
မြေနီကုန်းမှာ
အသည်းအသန် မီးပွိုင့်မိခံခဲ့ကြရတယ်။

““ကဆုန်လပြည့် ဗုဒ္ဓနေ့””
ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း
ဂေါတမ ဗုဒ္ဓ
ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်ခံယူ၊
ဖွားမြင်၊ ဘုရားဖြစ်၊ ပရိနိဗ္ဗာန်စံဝင်ခဲ့တာ
ဒီနေ့ ပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ညောင်ရေသွန်းကြတယ်။
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊
မဲဇာရပ်သူ၊ တောင်းဆုယူသည်”
ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့။

On 0 ဝေဖန်ချက်

တံခါးကို ကျယ်ကျယ်ခေါက်ပြီးနောက်
ကျွန်ုပ်တို့ နေထိုင်သည့်  လူလောက တွင်းကြီးအတွင်းသို့
နေမင်းကြီး ၀င်လာနေပါပြီ။

တံခါးပေါက်တွေ အားလုံးပွင့်
တွင်းအသီးသီးမှ ထွက်လာကြသော ပုရွက်ဆိတ်များ
အလုပ်ဆင်းရန် ထမင်းချိုင့် တစ်ဖက် လက်ကိုင်အိတ် တစ်ဖက်
တင်ပါးဆုံနှစ်ဖက် မြောက်တက် မြောက်တက်နဲ့ ပုရွက်ဆိတ်ဖြူမလေး
နင်က ဘယ်သွားမလို့လဲ။

မြေနီကုန်း မီးပွိုင့် အလုပ်ဆင်းနေပြီ
ဒဂုံစင်တာ အိပ်နေတုံး
ဂမုန်းပွင့် အိပ်နေတုံး

အရောင်းစာရေးမလေးတို့ရေ..
လက်ဆွဲခြင်း လေး ဘေးမှာချ
လှေခါးထစ်လေတွေ ပေါ်မှာပဲ ခဏထိုင်စောင့်ကြပါ။

““ကဆုန်လပြည့် ဗုဒ္ဓနေ့””
ရွှေတိဂုံ ဘုရားသွားကြမယ့် ပုရွက်ဆိတ်သုံးကောင်
ဆံပင်လေး ထောင်ထောင် ခေါင်းကလေးမော့မော့
တက်ကြွဖွယ် မြင်ကွင်း၊
ဂျင်းဘောင်းဘီ တွေ ၀တ်ထားကြပေမယ့်လို့
ခေတ်ကာလအရ ဗုဒ္ဓက ခွင့်လွှတ်ချင် ခွင့်လွှတ်မှာပါ။

On Tuesday, May 5, 2009 0 ဝေဖန်ချက်

ညီမလေး မင်းက အဖြူရောင် သံစဉ်နုနု ထွတ်ထွတ်
ငါကတော့ အကြမ်းပရမ်း ချစ်မိသွားခဲ့တယ်
မင်းက ယုန်ဖြူမလေး
ငါကတော့ မုဆိုးအရိုင်းအစိုင်း

အဖြူရောင် သံစဉ်မလေးရေ...
မင်း နေကောင်းရဲ့ မဟုတ်လား
အချစ်ဆိုတာ အနီးရောင်ရင့်ရင့် သွေးစက်များ
အချစ်ဆိုတာ ပေါက်ကွဲ ကြမ်းရှ အပေအတေ
အချစ်ဆိုတာ ရင်ခုန် လှိုက်မော ကြည်အေးသာယာ
အချစ်ဆိုတာ ဆွဲငင် ပူးကပ် ဓာတ်လိုက် လွမ်းငွေ့တဝေေ၀
အချစ်ဆိုတာ မင်း မျက်နှာ ဖြူဖြူလေးကို ငါ လွမ်းနေရတယ်။
မင်း ငါ့ကို မချစ်ပါနဲ့၊ ငါ မင်းကို ချစ်ပါ့မယ်

အရေးကြီးတာက
မင်းမျက်နှာ အဖြူအစင် သန့်သန့်လေးကို
ငါ့ နှာခေါင်းကြမ်းကြမ်း နဲ့ မထိဘို့ ပါပဲ
ဘာကြောင့်ဆို ငါ့နှာခေါင်းထက် ငါ့ဘ၀က ပိုကြမ်းလွန်းလှတယ်

မင်း စကားသံစဉ် မင်းစာလုံးသံစဉ် လေးဟာ
လေပြေလေအေးအောက်က သီချင်းလေးတစ်ပုဒ်
မင်းအသံ မင်းအလှ မင်းစာသား ချိုလွင်တယ်
အဖြူရောင်လေးရေ...
ဖြူစင်နိုင်သမျှ ဖြူစင်ပြီး၊ ချိုလွင်နိုင်သမျှ ချိုလွင် နေပါစေ။
ညီမလေးရေ...
အချစ်ဆိုတာ ရင်ခုန် လှိုက်မော ကြည်အေးသာယာ

အချစ်ဆိုတာ ဆွဲငင် ပူးကပ် ဓာတ်လိုက် လွမ်းငွေ့တဝေေ၀
မင်း ငါ့ကို မချစ်ပါနဲ့၊ ငါ မင်းကို ချစ်ပါ့မယ်

On Sunday, May 3, 2009 0 ဝေဖန်ချက်

တနင်္ဂနွေဟာ ငါ့ဆီကို တည့်တည့် လာနေတယ်
ဒီနေ့ပါပဲ
ဒီနေ့ ငါ့မှာ ဒူတွေတုန်နေမိ။
ရင်တစ်အုံလုံး ဆတ်ဆတ်တုန်နေတယ်

ညီမလေးရေ...နင်..နင်..မီးတွေ ၀ိုင်းခံနေရပြီလား
ဒီတနင်္ဂနွေဟာ ငါ့ဆီကို ကြိုတွေးထားတဲ့ အတိုင်း ဆိုက်ရောက်လာတယ်။

On 0 ဝေဖန်ချက်

ဲ့မန်ကျည်းတုံရွာ
ရေဦးအရှေ့ဘက်။ ရွှေဘိုမြောက်ဘက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ။

ဘယ်သူမှ အလေးမထားကြပါဘူး
ဒီရွာလေးမှာ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံ မွေးခဲ့ဖူးတယ်
““မဲဇာတောင်ခြေ... စီးထွေထွေတည်း
မြစ်ရေ ၀န်းလည် မြိုင်တောစီက
ရွှေပြည်ကိုသာ တရှာတော့မိ...””
လွမ်းစရာ့ ရတု ကဗျာ ရှည်ကြီးနဲ့ လွမ်းပြခဲ့တယ်
ပီဘိ ကဗျာ့ ၀ိဒူကြီးပါပဲ။

မန်ကျည်းတုံရွာ
ဘယ်သူမှ အလေးမထားကြပါဘူး
အဲဒီရွာလေး မီးဘေးသင့် သွားရှာတယ်
ဧပရယ် ၆ ရက် ။ ၂၀၀၉
နေပူပူကြီး အောက် နေ့လယ် ၁ နာရီ
ဘယ်လို အပူမျိုးနဲ့ ရင်ဆိုင်ရမလဲ
တွေးကြည့်ရင် သိမှာပါ
အိမ်ခြေ ၁၁၂ အိမ်။ အိုးမဲ့ အိမ်မဲ့ လူဦးရေ ၅၁၄
ဘယ်သူမှ အလေးမထားကြပါဘူး။

စားစရာ ထမင်းထုပ်တွေ၊ အ၀တ် ပစ္စည်းတွေ ဝေပေးရတော့
၂၀၀၈ ၊ မေလ၊ နာဂစ် ဒေသ လူတွေကို ကုသိုလ် ပြုခဲ့ရတဲ့
ပုံရိပ်တွေနဲ့ တစ်ထပ်တည်းပါပဲ
သနားမိတယ်။ ဒူးတွေများကို တုန်လို့
ညွှတ်ကျမတတ်၊ ကိုယ့်ကိုယ်မနည်း ထိန်းထားရတယ်။

နာဂစ်ရေ ရွာအဖြစ်တွေကို ရှာလှစ်ဖွေလို့ ပြောပါရစေ
နှစ်ရက်မေလ ၊ ရတက်ပွေရ၊ မျက်ရည်နဲ့ စခဲ့ကြပြီ။
အညာရွာလေးတစ်ရွာ
ဧပရယ်ခြောက် နွေလယ် ရောက်ခဲ့ရတယ်။
““ဟောသည် တန်ခူးလကြီးကို ကြောက်လှပါဘီ တော်ရယ်””
မျက်ရည်ဖုံးနေတဲ့ အဒေါ်ကြီးက ထမင်းထုပ်ကို လှမ်းယူရင်းပြောတယ်။
ဧပရယ် ခြောက် နွေလယ်ရောက်ခဲ့တဲ့ မန်ကျည်းတုံရွာလေး
တစ်နေ့မှာ ပြေလည်လောက်ပါတယ်။

အညာရွာလေးတစ်ရွာ ဘယ်သူမှ အလေးမထားကြပါဘူး
ရွာဥက္ကဌလေး မှာ ပုဆိုးတစ်ထည်လိုနေတယ်
တန်ခူးလ ကြောက်နေတဲ့ အဒေါ်ကြီးမှာ ထဘီ တစ်ကွင်းလိုနေတယ်။
မဲဇာတောင်ခြေ ရတုရှင်ကြီးရေ
သင်သာ သိရင် ဘယ်လို လွမ်းမလဲ...

မန်ကျည်းတုံရွာ
နွေပူပူအောက်ပြာမှုန်ဖြစ်ခဲ့ရတယ်
ကျွန်တော့ ကရုဏာတွေ ပြာမှုန်ဖြစ်ခဲ့ရတယ်
ခင်ဗျားတို့ မေတ္တာတွေ ပြာမှုန်ဖြစ်ခဲ့ရတယ်။

သာရလင်း ( ကိုယ်တိုင်သွားရောက်ခံစားသည်)